အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို လက်ခံသွားမယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝန်းက ယုံကြည်လက်ခံနိုင်မယ့် အဖွဲ့အစည်းတခု အဖြစ်ကနေ ယုံကြည်မှု လျော့ပါးနိုင်တယ်လို့ ဒေသတွင်း လွှတ်တော်အမတ် အဖွဲ့က သတိပေးလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံရဲ့ ထိပ်သီး အစည်းအဝေးပွဲအတွင်း မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်အတွက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားဖို့ လက်ခံမယ် ဆိုတဲ့အပေါ် အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့က ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
အသင်းဝင်နိုင်ငံ တနိုင်ငံအဖြစ် အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရှေ့လာမယ့် ၂၀၁၄ ခုကျရင် မြန်မာနိုင်ငံကို ပေးအပ်သွားဖို့ ၂ ရက်ကြာ ထိပ်သီးအစည်းအဝေးပွဲမှာ အသင်းခေါင်းဆောင်တွေက သဘောတူထားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေး တိုးတက်မှုတွေ မရှိဘူးဆိုပြီး နိုင်ငံတကာ အသိုင်းအဝန်းက ဝေဖန်တာ ခံနေရတဲ့ အသင်းဝင်နိုင်ငံ တခုကို အခုလို တာဝန်ပေးတာဟာ အာဆီယံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်လို့ မြင်နေကြတာပါ။ မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (AIPMC) က အင်ဒိုနီးရှား ကိုယ်စားလှယ် တဦးဖြစ်တဲ့ အဂွန် ပူထရီ အက်စ်ထရစ် (Agung Putri Astrid) ကတော့ ဒါဟာ အသင်းအတွက် လမ်းဆုံလမ်းခွ တခုပဲလို့ ဆိုပါတယ်။
“၂၀၁၅ ခုနှစ်မှာ ဒေသတွင်း တခုတည်းသော လူမှုအသိုင်းအဝန်း တခုကို ဖန်တီးသွားမယ့် အဖွဲ့အစည်းတခု အနေနဲ့ အာဆီယံဟာ အများက လက်ခံယုံကြည်နိုင်တဲ့ အဖွဲ့အစည်း တခုအဖြစ် နိုင်ငံတကာ အသိုင်းအဝန်းကို ပြသနိုင်ဖို့ အခုအချိန်ဟာ အင်မတန်မှကို အရေးကြီးတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။”
အာဆီယံ လူမှုအသိုင်းအဝန်း ထူထောင်တဲ့ နေရာမှာ ဒေသတွင်းက လူ့အခွင့်အရေးတွေကို အကာအကွယ် ပေးသွားဖို့တွေလည်း ပါဝင်တာမို့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဆိုးဆိုးရွားရွား ပြုမူနေတဲ့အတွက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေခိုက် ဒေသတွင်းမှာ တိုးတက်အောင် လုပ်နိုင်ပါ့မလား ဆိုတာဟာလည်း မေးခွန်းထုတ်စရာ ဖြစ်မယ်လို့ ပြောပါတယ်။ ဒီအတွက်လည်း AIPMC အဖွဲ့က အသင်းဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံကို မပေးဖို့ တောင်းဆိုရတာလို့ မစ်စ် အက်စ်ထရစ်က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘဲ ၂၀၁၄ ခုနှစ်မှာ အာဆီယံအသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်လာမယ်ဆိုရင် အာဆီယံဥက္ကဋ္ဌ အနေနဲ့ ပထမဆုံး လုပ်ရမယ့် တာဝန်ကို သူကိုယ်တိုင်က ချိုးဖောက်ထားသလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့်လည်း အာဆီယံအပေါ် လက်ခံယုံကြည်နိုင်မှုတွေ ကျဆင်းနိုင်ပါတယ်။ ဒါကြောင့်လည်း အာဆီယံ အနေနဲ့ ဒါကို ပြန်လည်စဉ်းစားဖို့ ကျမတို့က တောင်းဆိုနေရတာပါ။”
တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ် ပေါ်ပေါက်လာပေမဲ့ အခြေအနေတွေဟာ တိုးတက်မှု မရှိဘူးလို့လည်း ပြောပါတယ်။ တချိန်တည်းမှာပဲ ဒီလို ဥက္ကဋ္ဌ ဖြစ်လာမယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာနိုင်ငံနဲ့ ပိုပြီး ထိတွေ့ဆက်ဆံမှုတွေ ကူးလူးဆက်ဆံမှုတွေနဲ့ အခြေအနေတွေကို ပိုပြီး ထဲထဲဝင်ဝင် သိမြင်ခွင့်ရမယ်လို့ မြင်သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း AIPMC အင်ဒိုနီးရှားနိုင်ငံ တာဝန်ခံ မစ်စ် အက်စ်ထရစ်ကတော့ ဒါကို သဘောမတူဘူးလို့ ပြောပါတယ်။
“ဥက္ကဋ္ဌဖြစ်လာတယ် ဆိုတာဟာ အစိုးရတရပ်ကို ဒေသတွင်းမှာ ဦးဆောင်သွားဖို့ တာဝန်ကို ပေးအပ်လိုက်တာဖြစ်တယ် ဆိုတာကို နားလည် သဘောပေါက်ဖို့ လိုပါတယ်။ ဒါကြောင့်လည်း ဥက္ကဋ္ဌဆိုတဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ လိုပါတယ်။ နိုင်ငံတနိုင်ငံ အနေနဲ့ ဥက္ကဋ္ဌ ဖြစ်လာတယ်ဆိုရင် ဒီနိုင်ငံရဲ့ ဆုံးဖြတ်ချက်တွေကို ကျန်နိုင်ငံတွေက လိုက်လုပ်ကြရတာ ဖြစ်ပါတယ်။ ဒါဟာ အာဆီယံအသင်း ခေါင်းဆောင်တွေကြား လက်ခံထားကြတဲ့ ပုံစံတခုပဲ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံထက် ဥက္ကဋ္ဌ အရည်အချင်း ပြည့်ဝတဲ့ နိုင်ငံတွေလည်း အသင်းဝင် ၁၀ နိုင်ငံထဲမှာ ရှိနေတာမို့ ဒီတာဝန်ကို အလှည့်ကျော် လွှဲပြောင်း ပေးသင့်တယ်လို့လည်း မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့က မစ်စ် အက်စ်ထရစ်က ပြောသွားခဲ့တာပါ။ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းက အာဆီယံရဲ့ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဟာ ပထမဆုံးအကြိမ် အလှည့်ကျစဉ်မှာတုန်းကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ၊ နိုင်ငံရေး တိုးတက်မှု မရှိတာတွေအပေါ် ဝေဖန်ပြစ်တင် ခံရမှုတွေနဲ့အတူ ဒီတာဝန်ကို မယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။