သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတဖို့ အာဆီယံ တိုက်တွန်း


အခုကျင်းပနေတဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအသင်း နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအတွင်း လာမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တွန်းအားပေး ပြောဆိုမှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင် ချဉ်းကပ်ဆက်ဆံမယ် ဆိုတဲ့ အာဆီယံရဲ့ မူသဘောအတိုင်း တိုးတိုးတိတ်တိတ် ဖျောင်းဖျ ပြောဆိုဖွယ် ရှိတယ်လို့လည်း လေ့လာသူတွေက ခန့်မှန်းပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အခု ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ အစည်းအဝေးအတွင်း ဒေသအတွင်းက မြောက်ကိုရီးယားနဲ့ မြန်မာအရေး ကိစ္စတွေကို ဆွေးနွေးဖွယ် ရှိပါတယ်။ မြောက်ကိုရီးယား နျူကလီးယားကိစ္စနဲ့ တောင်ကိုရီးယားသင်္ဘော နှစ်မြုပ်ခံရတဲ့အပေါ် အာဆီယံတွေ သဘောထား ထွက်လာစရာ ရှိသလို မြန်မာနိုင်ငံမှာ ဒီနှစ်ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အာဆီယံရဲ့ တညီတည်း အသံကိုလည်း ညှိနှိုင်းဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်နေတဲ့ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဖန်ယာကင်း (Phan Gia Khiem) ကတော့ မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။”

ဗီယက်နမ်နိုင်ငံက အခုလို အပြုသဘော ပြောခဲ့ပေမဲ့ ရွေးကောက်ပွဲ မတိုင်ခင် အခုရှိနေတဲ့ နိုင်ငံရေး အခြေအနေအရ ဒါဟာ လွတ်လပ်မျှတမှု ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ အနောက်နိုင်ငံကြီးတွေကတော့ မြန်မာအစိုးရကို ဝေဖန်နေတာတွေ ရှိပါတယ်။ အာဆီယံ အသင်းထဲက နိုင်ငံတွေ အကြားမှာကို မြန်မာနဲ့ ပတ်သက်လို့ မတူညီတဲ့ သဘောထား အမျိုးမျိုး ရှိနေတာကြောင့် အာဆီယံအတွင်းမှာ တိုးတိုးတိတ်တိတ် သဘောထား ညှိရမယ့် အခြေအနေ ရှိတယ်လို့ NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က ပြောပါတယ်။

“ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးက ပြီးခဲ့တဲ့လပိုင်းက ပြောထားတာ ရှိပါတယ်။ ဒီရွေးကောက်က အတုအယောင်ကြီး ဖြစ်တယ်လို့ ပြောထားတယ်ဆိုတော့ Lead လုပ်တဲ့ ဗီယက်နမ် အနေနဲ့ ပြောလိုက်ပေမဲ့ အာဆီယံ တခုလုံးက ဒီသဘောထား မရှိဘူးဆိုတာတော့ ကျနော်တို့ နားလည်လို့ ရပါတယ်။”

အခု ၂၀၁၀ ရွေးကောက်ပွဲကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အလှည့်အပြောင်းလို ဖြစ်နေတဲ့ အခါကြတော့ အာဆီယံက တလျှောက်လုံး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အပြုသဘော ချဉ်းကပ်မှု၊ ချဉ်းကပ်မှုနဲ့ ပြောနေတာ အခုအချိန်မှာရော တကယ် တခုခု ထိထိရောက်ရောက် ဘာပြောနိုင်မယ်လို့ ယူဆလဲခင်ဗျ။

“အခု ကျနော်မြင်တာကတော့ ဟိုးအရင်တုန်းက အာဆီယံ ဝင်ခါစမှာလည်း အာမခံခဲ့တယ်၊ ဒါပေမဲ့ ပြောင်းလဲမှု မလုပ်ခဲ့ဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ ယိုးဒယားနိုင်ငံက ဒေါက်တာ ဆူရင် ပစ်ဆူဝန် (Dr. Surin Pitsuwan) တို့ အာဆီယံ အတွင်းရေးမှူး ဖြစ်လာတဲ့ အချိန်မှာတော့ သူတို့ ပိုပြီးတော့ လက်တွေ့ကျတဲ့ သဘောထားတွေ ပြောလာတယ်။ တိုးတိုးတိတ်တိတ် ပြောလာတာတော့ ကျနော်တို့ သိတယ်။ အိမ်နီးချင်းနိုင်ငံဆိုတော့ အပြုသဘောတော့ ပြောနေရမှာပေါ့။ စစ်ထဖြစ်လို့တော့ မရဘူးပေါ့။

“သို့သော်လည်း Politically မှာ သူတို့ နောက်ကွယ်မှာ ပြောနေတဲ့ ကိစ္စတွေ အများကြီးရှိတယ်။ ဒီ့အပြင် နအဖက နျူကလီးယားလုပ်ဖို့ ကြိုးစားနေတဲ့ ကိစ္စကို အာဆီယံ အစိုးရတွေ တော်တော်လေး လန့်ပြီး သတိထားနေတယ် ဆိုတာတော့ ကျနော်တို့ သတိထားမိတယ်။”

အခု ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ အထူးသဖြင့် အနောက်နိုင်ငံတွေ အမေရိကန်တို့၊ ဗြိတိန်တို့ကတော့ ပြတ်ပြတ်သားသား ပြောထားတာ ရှိပါတယ်။ ဒီအခြေအနေအတိုင်းဆိုရင် အများလက်ခံနိုင်မယ့် ရွေးကောက်ပွဲရလဒ်၊ တရားဝင်မှုရှိမှာ မဟုတ်ဘူးလို့ သူတို့ ပြောနေတယ်။ ဒါပေမဲ့ အာဆီယံကတော့ အခုထက်ထိ မပြောသေးဘူး။ အဲတော့ အခုအခြေအနေအတိုင်း သွားမယ့် ရလဒ်နဲ့ ပတ်သက်လို့ရော အာဆီယံက ဘယ်လိုသဘောထားမယ်လို့ ယူဆပါသလဲ။

“အိမ်နီးချင်းနိုင်ငံတွေက ပိုသိပါတယ်။ ပွင့်လင်းမှု ရှိသလား၊ အားလုံးကို တန်းတူရည်တူပေးပြီး နိုင်ငံရေး စည်းရုံးခွင့် ရှိသလားဆိုတဲ့ ကိစ္စတွေမှာ၊ အခု အောက်ခြေမှာ ဖြစ်နေတဲ့ အနေအထားပေါ့၊ ကြံ့ဖွံ့ကပြောင်းလာတဲ့ ပါတီက ဘယ်လောက်အထိ လုပ်ပိုင်ခွင့် ရှိသလဲ၊ လာပြီး မှတ်ပုံတင်တဲ့ ပါတီတွေတောင် ဘာမှ လုပ်ခွင့်မရှိဘူးဆိုတဲ့ အနေအထားကိုတော့ အိမ်နီးချင်းနိုင်ငံတွေ အားလုံး သိနေကြတယ်။ အမေရိကန်တို့၊ အင်္ဂလန်တို့လို အဝေးကြီးကနေ အကျယ်ကြီး အော်လို့ မရပေမဲ့ အနီးကပ်ပြီး ဖိအားပေးနေတယ် ဆိုတာတော့ ကျနော် ထပ်ပြီး ပြောချင်ပါတယ်။”

အခုလာမယ့် သောကြာနေ့ကျရင်တော့ ဥရောပနိုင်ငံတွေနဲ့ အမေရိကန် ပြည်ထောင်စုတို့ ပါဝင်တဲ့ အာဆီယံဒေသ လုံခြုံရေး အစည်းအဝေး (ARF) မှာလည်း မြန်မာကိစ္စကို နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးကြမယ့် အလားအလာ ရှိပါတယ်။ ARF ပြီးရင် ထုတ်ပြန်မယ့် ပူးတွဲကြေညာချက် မူကြမ်း ဗီယက်နမ်နိုင်ငံက ပြုစုထားရာမှာတော့ မြန်မာနိုင်ငံ ရေရှည်တည်ငြိမ်ရေးနဲ့ အလားအလာ ကောင်းတွေအတွက် အခုလာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားပါတယ်။ ဒါကြောင့် အခု အာဆီယံ အစည်းအဝေး ကာလအတွင်းမှာတော့ မြန်မာ့အရေးကိစ္စကို အိမ်နီးချင်းနိုင်ငံတွေဘက်က တစုံတရာတော့ တိုးတိုးတိတ်တိတ် ဖိအားပေးကြလိမ့်မယ်လို့ ယူဆရပါတယ်။

XS
SM
MD
LG