သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အဆိုးအကောင်း အာဆီယံအပေါ် သက်ရောက်


မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အရှေ့တောင်အာရှ နိုင်ငံတွေက မြန်မာနိုင်ငံကို တိုက်တွန်းလိုက်ကြပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအသင်း အစည်းအဝေး အတွင်းမှာ အများက ယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲတခု ဖြစ်အောင် လုပ်ဖို့ အာဆီယံ ခေါင်းဆောင်တွေက ပြောဆိုခဲ့ကြတာလို့ ဟနွိုင်းမြို့ကနေ ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) က သတင်းပေးပို့ထားပါတယ်။ ဒီသတင်းကို အခြေခံပြီး အာဆီယံ အစည်းအဝေးအတွင်း မြန်မာနိုင်ငံ အခြေအနေ ဆွေးနွေးကြတာတွေကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဗီယက်နမ်နိုင်ငံမှာ လက်ရှိ ကျင်းပနေတဲ့ အာဆီယံ အစည်းအဝေး အတွင်းမှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်လို့ သူတို့ရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော်ပြောခဲ့ကြပါတယ်။ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ် (Surin Pitsuwan) ကတော့ လာမယ့် မြန်မာ့ရွေးကောက်ပွဲဟာ အများလက်ခံ ယုံကြည်နိုင်ဖို့ အခြေအနေဖြစ်ဖို့ လိုမယ် ဆိုတာကို တနင်္လာနေ့ ညပိုင်းမှာ လုပ်တဲ့ ညစာစားပွဲမှာ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းကို သံတမန်တွေက သတိပေး ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ညကတော့ မြန်မာကိုယ်စားလှယ်ကို ဝိုင်းပြီး ပြောခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ကိစ္စကို အာဆီယံအနေနဲ့ အလွန်တရာ စိုးရိမ်ပူပန်ကြောင်း ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အာဆီယံအနေနဲ့ အလွန်ပဲ စိတ်ဝင်တစား ရှိတယ်၊ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပျက်သမျှ ဆိုးဆိုးကောင်းကောင်းဟာ အာဆီယံအပေါ် သက်ရောက်မှုရှိတယ် ဆိုတာကို ဝိုင်းပြောခဲ့ကြပါတယ်။”

ဒါကြောင့်လည်း မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် အာဆီယံဘက်က အကူအညီ ပေးလိုတယ်လို့ အာဆီယံ တိုင်းပြည်တွေက ကမ်းလှမ်းခဲ့ကြတယ်လို့ မစ္စတာ ဆူရင်းက ပြောပါတယ်။

“အာဆီယံအသင်းဝင် နိုင်ငံတွေဖြစ်စေ၊ အာဆီယံအသင်း အနေနဲ့ ဖြစ်စေ အကူအညီ ပေးနိုင်တာရှိရင် ကူညီပေးသွားလိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီရွေးကောက်ပွဲကို အများက လက်ခံယုံကြည်ဖို့ ဆိုတာဟာ မြန်မာနိုင်ငံအတွက်တင် မဟုတ်ပါဘူး၊ အာဆီယံ အသင်းကြီး အတွက်လည်း အရေးကြီးပါတယ်။”

အခု ရွေးကောက်ပွဲဟာ စစ်တပ်က အာဏာ ပိုခိုင်မြဲလာအောင် လုပ်တဲ့ ရွေးကောက်ပွဲပဲဆိုပြီး ဝေဖန်မှုတွေ ရှိပါတယ်။ ဒါ့အပြင် ဒီနှစ်အတွင်းမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ဆိုထားပေမဲ့ နှစ်တဝက်သာ ကျော်တယ်၊ ရွေးကောက်ပွဲရက် ဘယ်တော့လုပ်မလဲ ဆိုတာကိုတော့ စစ်အစိုးရက မကြေညာသေးပါဘူး။ အခု အာဆီယံ အစည်းအဝေး အတွင်းမှာ အာဆီယံ ခေါင်းဆောင်တွေက ရွေးကောက်ပွဲရက်ကို မေးကြပုံရပါတယ်။ ဒါပေမဲ့ စစ်အစိုးရဘက်က ယတိပြတ် အဖြေမပေးခဲ့ဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂဝါ (Marty Natalegawa) က သတင်းထောက်တွေကို ပြောပါတယ်။

“နိုင်ငံရေးပါတီတွေ မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ် ပြီးတာနဲ့ ရွေးကောက်ပွဲရက်ကို ကြေညာပေးမယ်လို့ ပြောပါတယ်။ ဒါကြောင့် ဘယ်တော့လုပ်မလဲ အတိအကျ မသိရသေးပါဘူး။”

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ ညစာစားပွဲမှာတော့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ရွေးကောက်ပွဲ အခြေအနေကို ရှင်းပြပါတယ်။ အခုလို စစ်အစိုးရ ဗိုလ်ချုပ်တွေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ကြတာကို စင်ကာပူဝန်ကြီး ဂျော့ဂျ်ယိုးက အကောင်းမြင်ပါတယ်။

“ညစာစားပွဲမှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးက အတော်လေး ရှင်းပြပါတယ်။ သူကိုယ်တိုင်လည်း ရွေးကောက်ပွဲဝင်မယ် ထင်ပါတယ်။ ဘာပဲပြောပြော ဗိုလ်ချုပ်ကြီးတွေ အခုလို ယူနီဖောင်းချွတ်ပြီး ရွေးကောက်ပွဲဝင်မယ် ဆိုရင်တော့ သူတို့ အနိုင်ရဖို့အတွက် လူထုရဲ့ လိုအပ်ချက်တွေကို လုပ်ပေးရမယ်၊ လူထုနဲ့ ထိတွေ့ရမှာပါ။ ဒါကြောင့် သူတို့ရဲ့ အမူအကျင့်တွေ ပြောင်းလာမှာပါ။ စီးပွားရေးကိုလည်း တဖြည်းဖြည်း တံခါးဖွင့်ပေးရမှာပါ။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အပြောင်းအလဲ တရပ်ပါပဲ။”

ဒီရွေးကောက်ပွဲကို အာဆီယံက စောင့်ကြည့်ရေး ကိစ္စကိုလည်း ကမ်းလှမ်းခဲ့ကြတော့ မြန်မာကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဒီကိစ္စကို အထက်ကို ပြန်တင်ပြပေးပါ့မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အာဆီယံဘက်က စိုးရိမ်တကြီး ရှိတယ်လို့ ဖော်ပြပေမဲ့ တဘက်မှာလည်း ဒီရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးအတွက် အလှည့်အပြောင်း ဖြစ်မယ်လို့ ယူဆမှုတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အာဆီယံရဲ့ နောက်ထပ် စိုးရိမ်မှု တခုကတော့ နျူကလီးယား စီမံကိန်း ကိစ္စပါ။ အထူးသဖြင့် မြန်မာ နျူကလီးယား စီမံကိန်းကို မြောက်ကိုရီးယားဘက်က အကူအညီ ပေးနေတယ်လို့ စွပ်စွဲမှုတွေ ရှိထားတာကြောင့်ပါ။ ဒါကြောင့်လည်း အစည်းအဝေးအတွင်း မြောက်ကိုရီးယား အကူအညီနဲ့ မြန်မာဘက်က နျူကလီးယားလက်နက် အစီအစဉ် လုပ်နေသလား ဆိုတာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်း (Kasit Piromya) က မေးမြန်းခဲ့ပါတယ်။ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးကတော့ အဲဒီ စွပ်စွဲချက်ကို ငြင်းခဲ့တယ်လို့ သိရပါတယ်။

XS
SM
MD
LG