သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ကောင်စီပေါ် ဆက်ပြီး ဖိအားပေးသွားမယ် - ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး


ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn
ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn

{{Zawgyi/Unicode}}

မြန်မာအတိုက်အခံအင်အားစုတွေနဲ့ တွေ့ဆုံ ဆွေးနွေးလာအောင် စစ်ကောင်စီပေါ် ဖိအားပေး လုပ်ဆောင်သွားမယ်လို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျဥက္ကဋ္ဌအဖြစ် စပြီးလွှဲပြောင်းယူလိုက်ပြီဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ပြောပါတယ်။
မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်ဖို့ နီးကပ်လာနေပြီလို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က သတိပေး ပြောကြားလိုက်ပြီး ရှေ့နှစ်ဆန်းပိုင်းမှာ မြန်မာ့အရေးကိစ္စတွေကို စတင် ဆောင်ရွက်ဖို့ အထူးကိုယ်စားလှယ်အသစ်ကို ခန့်အပ် တာဝန်ပေးသွားမယ်လို့လည်း သူက ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof ကတော့ အလှည့်ကျဥက္ကဋ္ဌ သက်တမ်း ကုန်ဆုံးသွားပြီဖြစ်တဲ့ ဘရူနိုင်းနိုင်ငံက ဖြစ်ပါတယ်။
“အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဘူးဆိုတဲ့ အခြေခံမူဝါဒကို လေးစားပေမယ့် မြန်မာနိုင်ငံက အခြေအနေတွေဟာ အင်မတန် စိုးရိမ်ဖွယ်ရာအဆင့်ကို ရောက်လာနေပါပြီ” လို့ ဝန်ကြီး Sokhonn က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် “မြန်မာနိုင်ငံက အခြေအနေတွေဟာ ဒေသအတွက် မကောင်းတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေသလို အာဆီယံအဖွဲ့နဲ့ ကျနော်တို့ရဲ့ ညီအကို မောင်နှမတွေဖြစ်ကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပါတယ်” လို့ ပြောပါတယ်။
မြန်မာ့အရေးမှာ ပါဝင်ပတ်သက်နေသူအားလုံးနဲ့ လက်ရှိ အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof ကို စစ်ကောင်စီက တွေ့ခွင့်မပေးခဲ့တာကြောင့် စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို အာဆီယံထိပ်သီးစည်းဝေးပွဲကိုမဖိတ်ဖို့ ကမ္ဘောဒီးယားက ထောက်ခံခဲ့တယ်လို့လည်း ဝန်ကြီး Prak Sokhonn က ပြောပါတယ်။ ဒါပေမယ့် စစ်ကောင်စီအကြီးအကဲကို လာမယ့် အစည်းဝေးတွေမှာ ဆက်ဖိတ်ရေး မဖိတ်ရေးကိစ္စကတော့ အခုချိန်မှာ ပြောဖို့မသင့်သေးဘူးလို့ သူကဆိုပါတယ်။
စစ်ကောင်စီအကြီးအကဲကို အာဆီယံ ထိပ်သီးစည်းဝေးပွဲတွေကို ဖိတ်ရေး မဖိတ်ရေးကိစ္စ စမ်းသပ်ချက် လို ဖြစ်လာမှာကတော့ ရှေ့လအတွင်းကျင်းပမယ့် တရုတ်-အာဆီယံ ထိပ်သီးစည်းဝေးပွဲဖြစ်ပြီး အဲဒီစည်းဝေးပွဲကို တရုတ်သမ္မတ ရှီကျင့်ဖျင်လည်း တက်ရောက်မှာ ဖြစ်ပါတယ်။
အလားတူပဲ အခုနှစ်နှောင်းပိုင်းမှာ ကျင်းပဖို့ရှိနေတဲ့ အီးယူ-အာဆီယံ ထိပ်သီးစည်းဝေးပွဲကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖို့ကလည်း ဥရောပဘက်က အပြင်းအထန် ကန့်ကွက်တဲ့အတွက် ဖြစ်နိုင်ခြေ အတော့်ကိုနည်းတယ်လို့ သံတမန်တွေကိုကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။
ASEM ထိပ်သီးအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ဖို့ မဖိတ်ရေးကိစ္စ စဉ်းစားဖွယ်ရှိတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်း ပြောထားဖူးပါတယ်။

တိုက်ရိုက် လင့်ခ်


===========

{{Unicode}}




XS
SM
MD
LG