သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် မြန်မာ ဆက်ဆံရေး တိုးတက်မှု မြန်မာတန်ဖိုးထားပြောကြား


မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်
အမေရိကန် အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေးကို ကမကထ ပူးတွဲဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး ပြန်လည် ဆွေးနွေးလာမှုအပေါ် အလေးထားကြောင်းနဲ့ အကြမ်းဖက်သမားတွေ ဗုံးဖောက်ခွဲမှုကြောင့် သေဆုံးခဲ့ရသူတွေနဲ့ မိသားစုတွေအတွက် စိတ်မကောင်းဖြစ်တဲ့အကြောင်း ပူးတွဲကျင်းပတဲ့ အစည်းအဝေးအတွင်းမှာ ပြောဆိုသွားပါတယ်။

ဒီအရှေ့တောင်အာရှ နိုင်ငံများအသင်းရဲ့ ဒေသတွင်း ဆွေးနွေးပွဲကျင်းပရာ ဘရုနိုင်းနိုင်ငံမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) လည်း ရောက်ရှိနေပြီး၊ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တိုင်ဝမ်၊ မလေးရှားနဲ့ ဘရုနိုင်း နိုင်ငံတွေကြား အရှေ့တောင်အာရှ ပင်လယ်တွင်းက သူပိုင် ကိုယ်ပိုင် အငြင်းပွားစရာ ဖြစ်နေတဲ့ ကျွန်းတွေကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနဆိုင်ရာ ဗွီအိုအေသတင်းထောက် Scott Stearns ဘရုနိုင်းနိုင်ငံကနေ ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။

အမေရိကန်ဘက်က မြန်မာနိုင်ငံနဲ့ နွေးထွေးစွာ ပြန်လည်ဆက်ဆံလာတာကို မြန်မာအနေနဲ့ အထူးတန်ဖိုးထား ကျေးဇူးတင်တဲ့အကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ဒီကနေ့ တွေ့ဆုံချိန် ပြောကြားသွားခဲ့တာပါ။

“မြန်မာသမ္မတ ဦးသိန်းစိန် မေလအတွင်း အမေရိကန် ပြည်ထောင်စုကို သွားရောက်တဲ့ခရီးစဉ်ဟာ သမိုင်းဝင်ခရီးစဉ်ဖြစ်ပြီးတော့ မြန်မာနိုင်ငံ အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ကတိပေးသွားတဲ့အကြောင်းနဲ့ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး တိုးတက်ကောင်းမွန်မှုဟာ အာဆီယံနဲ့ အမေရိကန် ဆက်ဆံရေးကိုလည်း အားဖြင့်ပေးရာ ရောက်လိမ့်မယ်လို့ ဦးဝဏ္ဏမောင်လွင် က ပြောကြားသွားပါတယ်။”

ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ က သမ္မတ ဦးသိန်းစိန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အရင် စစ်အရာရှိဟောင်းတွေ ပါဝင်တဲ့ လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို ထင်ဟပ်ပေါ်လွင်စေတယ်လို့ ပြောကြားသွားပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်မှုကို လည်း ထောက်ခံအားပေးသွားမှာ ဖြစ်တဲ့အကြောင်းနဲ့ အရှေ့တောင်အာရှ အပါအဝင် အာရှမှာ ဖြစ်ပျက်မှုဟာ ၂၁ ရာစုရဲ့ သမိုင်းမှာ ထင်ရှားတဲ့ အခန်းကဏ္ဍက ပါဝင်မယ်လို့ ယူဆတဲ့အကြောင်း ဝန်ကြီးကယ်ရီက ပြောပါတယ်။ ဒါကြောင့် အမေရိကန်နဲ့ အာဆီယံ ဆက်ဆံရေးကို အထူးအလေးထားတာ ဖြစ် တယ်လို့ အမေရိကန် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးမှာ ပြောကြားသွားပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ ဆွေးနွေးပွဲအတွင်း တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တိုင်ဝမ်၊ မလေးရှားနဲ့ ဘရုနိုင်း နိုင်ငံတို့အကြား အရှေ့တောင်အာရှ ပင်လယ်တွင်းက သူပိုင် ကိုယ်ပိုင် အငြင်းပွားစရာဖြစ်နေတဲ့ ကျွန်းတွေနဲ့ပတ်သက်လို့ လိုက်နာရမယ့် တရားဝင် စည်းမျဉ်းစည်းကမ်းတွေကို သဘောတူ ချမှတ်နိုင်လိမ့်မယ်လို့လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ က မျှော်လင့်နေကြတာပါ။ အမေရိကန်ရေတပ်ဟာလည်း အခုအခါမှာ ဖိလစ်ပိုင်နိုင်ငံနဲ့အတူ တွဲပြီး တောင်တရုတ်ပင်လယ်တွင်းမှာ လှုပ်ရှားမှုတွေ တိုးမြှင့်နေပါတယ်။

အမေရိကန်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံ ရေတပ်တွေ ပူးပေါင်းပြီးလှုပ်ရှားရာမှာ အဝေးထိန်းမောင်းသူမဲ့ စောင့်ကြည့်လေယာဉ်တွေကိုလည်း သုံးပြီး တရုတ်နိုင်ငံနဲ့ အငြင်းပွားနေတဲ့ ကျွန်းတွေအပေါ် စောင့်ကြည့်နေတာပါ။ ဖိလစ်ပိုင်ရေတပ်မတော်က ဒုဗိုလ်ချုပ်ကြီး ရွမ်းမဲ ရော့ဒ်ရီဂူရီးဇ် (Rommel Rodriguez) က အခုလို ပြောပါတယ်။

“ရေပြင်ပိုင်နက်ကို စိုးမိုးနိုင်ဖို့အတွက်ဆိုရင် မောင်းသူမဲ့ အဝေးထိန်းလေယာဉ်တွေဟာ ဒီစစ်ဆင်ရေးအတွက် အတော်ကြီးကို အရေးပါပါတယ်။”

ဖိလစ်ပိုင်နိုင်ငံဟာ စူးဘစ်ပင်လယ်အော်တွင်းမှာရှိတဲ့ အမေရိကန် ရေတပ်စခန်းဟောင်းကို ပြန်လည်ပြင်ဆင်ပြီး အသုံးပြုမယ့် အစီအစဉ်ကို တရုတ်နိုင်ငံဘက်က စိုးရိမ်နေတာပါ။ ဒီစခန်းဟာ ၂၀၁၂ ခုနှစ်ကတည်းက တရုတ်တို့ ထိန်းချုပ်ထားတဲ့ အငြင်းပွားစရာ ရှိုးကျွန်းစုတွေနဲ့ ကီလိုမီတာ ၂၄၀ ပဲ ဝေးတာပါ။

တကယ်လို့ ဖိလစ်ပိုင်နေနဲ့ တရုတ်နိုင်ငံဘက်က စွပ်စွဲသလို မသမာတဲ့လုပ်ရပ်တွေ ဆက်လုပ်မယ်ဆိုရင်တော့ တုံ့ပြန်ပြီး ဆောင်ရွက်ဖို့ ဖြစ်လာလိမ့်မယ်လို့ တရုတ်ကွန်မြူနစ်ပါတီ သတင်းစာက ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဟွာချန်ယင်း (Hua Chungying) ကတော့ -

“ဖိလစ်ပိုင်နဲ့ ဒေသတွင်းနိုင်ငံတွေအနေနဲ့ နှစ်ဦးနှစ်ဘက် မျှမျှတတကြည့်ဖို့ အပြန်အလှန် လေးစားယုံကြည်မှုကို ထိန်းသိမ်းဖို့၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အပြုသဘော ဆောင်ကြဖို့ တရုတ်နိုင်ငံဘက်က တိုက်တွန်းပါတယ်။”

ဝါရှင်တန်ဘက်ကတော့ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်လို့ ဘက်လိုက်မှာမဟုတ်ဘဲ အမေရိကန်ရဲ့ အာရှဆိုင်ရာ မူဝါဒတွေအရ အငြင်းပွားစရာကိစ္စတွေအပေါ် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးအတွက် ကူညီချင်တာပါလို့ အမေရိကန် ရေတပ်ဗိုလ်ချုပ် သောမတ်စ် ကာနေး (Thomas Carney) က အခုလို ပြောပါတယ်။

“အာရှမှာ စစ်ရေးဆိုင်ရာ ကိစ္စတခုတည်းသာ ပိုပြီး အားကောင်းအောင် လုပ်တာမဟုတ်ဘဲ စီးပွားရေးနဲ့ နိုင်ငံရေးဘက်မှာပါ မျှတစွာ ဆောင်ရွက်ဖို့ အမေရိကန်ဘက်က လုပ်တာပါ။”

ဖိလစ်ပိုင်နဲ့ သဘောတူထားတဲ့အတိုင်း အမေရိကန်ရေတပ်က ပိုပြီး လှုပ်ရှားမှုလုပ်လာတာဟာ တရုတ်နိုင်ငံကို စောင့်ကြည့်ဖို့ ဖြစ်တယ်လို့ ဖိလစ်ပိုင်တက္ကသိုလ်က ပါမောက္ခ ကလာရီးတာ ကားလို့စ် (Clarita Carlos) က ပြောပါတယ်။

“တောင်တရုတ်ပင်လယ်ထဲက ဒီကျွန်းတွေကို ပိုင်ဆိုင်လိုမှုနဲ့ တရုတ်နိုင်ငံဘက်က ရန်စ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်အနေနဲ့ ဘာတွေကို လုပ်နိုင်တယ်ဆိုတာ ပြသတယ်လို့ ထင်ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ ဒါဟာ အမေရိကန်ရဲ့ အကူအညီနဲ့ ဆိုတာကတော့ သေချာပါတယ်” - လို့ သူက ပြောသွားတာပါ။

ဒါပေမဲ့ ဖိလစ်ပိုင်ဘက်က အခုလို လုပ်တာဟာ တရုတ်အနေနဲ့ စေ့စပ်ပြေငြိမ်းဖို့ ဆန္ဒလျော့ကျစေပါတယ်။ နောက် ဒီနှစ် အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ ဝန်ကြီးအဆင့် အစည်းအဝေးဟာ မနှစ်က ကမ္ဘောဒီးယားမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးအတွင်း တောင်တရုတ်ပင်လယ်ကိစ္စနဲ့ပတ်သက်ပြီး တရုတ်ဘက်က လိုလိုလားလား ကူညီခဲ့သလို မဟုတ်ဘူးဆိုပြီး အမေရိကန် တက္ကသိုလ်က ပါမောက္ခ ကုန် ဟန်း (Koon Heng) က အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်က အာဆီယံရဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ တရုတ်နိုင်ငံရဲ့ သွေးခွဲမှုကြောင့် စိတ်ဝမ်းကွဲမှုတွေ ရှိပေမဲ့လည်း နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ ကတော့ ဒီနိုင်ငံတွေအကြား စည်းလုံးစေခဲ့ပါတယ်။”

နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ ဟာ ဒီအစည်းအဝေးပွဲအတွင်း ဆီးရီးယား စစ်ပွဲတွေအကြောင်းကို ဆွေးနွေးမှာဖြစ်သလို၊ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီက ကန်ထရိုက်တာ ဝန်ထမ်းဟောင်း အက်ဝပ် စနိုဒန် (Edward Snowden) အကြောင်းကိုလည်း ဆွေးနွေး မှာဖြစ်တယ်လို့ မျှော်လင့်ရပါတယ်။
XS
SM
MD
LG