သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ဥက္ကဋ္ဌ ရာထူး မြန်မာလက်ခံရယူပြီ


အိမ်ရှင်ဘရူနိုင်းနိုင်ငံကနေ အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို မြန်မာသမ္မတ ဦးသိန်းစိန် လွှဲပြောင်းလက်ခံယူစဉ်။ ( အောက်တိုဘာလာ ၁၀၊ ၂၀၁၃)
အိမ်ရှင်ဘရူနိုင်းနိုင်ငံကနေ အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို မြန်မာသမ္မတ ဦးသိန်းစိန် လွှဲပြောင်းလက်ခံယူစဉ်။ ( အောက်တိုဘာလာ ၁၀၊ ၂၀၁၃)
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်မှာ တာဝန်ထမ်းဆောင်ဖို့ ဒီကနေ့မှာ မြန်မာ နိုင်ငံက တရားဝင်လွှဲပြောင်း ရယူလိုက်ပြီဖြစ်ပါတယ်။ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘဂါဝန်မြို့တော်မှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာ အာဆီယံဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူလိုက်တာဖြစ်ပေမဲ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကျမှသာ ဥက္ကဋ္ဌတာဝန်တွေကို စပြီး ထမ်းဆောင်မှာပါ။

ဒါဟာဖြင့် ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံအဖွဲ့ဝင်ဖြစ်ခဲ့ပြီးကတည်းက အဖွဲ့ဝင်ဆယ်နိုင်ငံပါ အာဆီယံ အဖွဲ့ရဲ့ ခေါင်းဆောင် တာဝန်ကို မြန်မာနိုင်ငံ အနေနဲ့ ပထမဆုံး ရယူနိုင်တာလည်းဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာ လူရာပေါင်းများစွာ သေဆုံးခဲ့ရပြီး ထောင်ပေါင်း များစွာ အိုးအိမ်ပစ် ထွက်ပြေးခဲ့ရတဲ့ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှု အခြေအနေတွေ ဖြစ် ထားတာကြောင့် အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်ဖို့ရာ အချိန်မကျသေးဘူးလို့ ဝေဖန်ကြတာတွေလည်းရှိပါတယ်။

အာဆီယံအဖွဲ့ရဲ့ ရပ်တည်ချက်ကတော့ အများအားဖြင့် တစ်ထပ်တည်းပဲရှိပြီး အပြောင်းအလဲတွေ ပိုပြီးဖြစ်ပေါ်ရေး အားပေးဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေဆီကနေ အင်မတန် ခိုင်မာတဲ့ ထောက်ခံ အားပေးမှုကို ရခဲ့တဲ့အကြောင်း၊ ဥက္ကဋ္ဌတာဝန်ကို ထိရောက်စွာနဲ့ အောင်မြင်စွာ ထမ်းဆောင်နိုင်မယ်ဆိုတာ မိမိတို့ ယုံကြည်ပါ ကြောင်း အာဆီယံအဖွဲ့ရဲ့ လက်ရှိအတွင်းရေးမှူးချုပ် Le Luong Minh ပြောခဲ့ပါတယ်။

အာဆီယံအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ပြီး မစွက်ဖက်ရေး ဆိုတဲ့ မူဝါဒကို ကိုင်စွဲထားခဲ့ပေမဲ့ ပဋိပက္ခအခြေ အနေတွေကို ကိုင်တွယ်ဖြေရှင်းရေး ပိုပြီးအခိုင်အမာလုပ်ဆောင်ဖို့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဆက်ပြီး တွန်းအားပေး သွားလိမ့်မယ် လို့ သုံးသပ်တာမျိုးရှိပါတယ်။
ဒီအချက်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ နာယကအဖွဲ့ဝင် တစ်ဦးဖြစ်သူ သူရဦးတင်ဦးကလည်း သဘောတူပါတယ်။

မြန်မာနိုင်ငံဟာ တဖြည်းဖြည်း ပြောင်းလဲနေပြီဖြစ်ပြီး အာဆီယံဥက္ကဋ္ဌတာဝန်ကို ယူဖို့အတွက် သင့်လျော်တဲ့အချိန် ရောက်နေပါပြီ လို့ ဦးတင်ဦးက ပြောပါတယ်။
နိုင်ငံတစ်နိုင်ငံချင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေရှိပါတယ်လို့ ရန်ကုန် အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ ကိုရန်မျိုးသိန်းကပြော ပါတယ်။ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကို ချိန်ခွင် လျှာညှိဖို့ အတွက် လူ့အခွင့်အရေးကိစ္စကို အတိုင်း အတာတစ်ခု ထိ ဘေးဖယ်ထားခဲ့ပြီး အဲဒီနိုင်ငံတွေဟာ မြန်မာနိုင်ငံနဲ့ နီးကပ်တဲ့ဆက်ဆံရေး ထူထောင်ဖို့ကို အာရုံစိုက်ခဲ့တယ်လို့ ကိုရန်မျိုးသိန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာတွေ့မြင်နေရတဲ့ အခြေအနေတွေဟာ စိတ်လှုပ်ရှားစရာကောင်းပေမဲ့လည်း ပြီးပြည့်စုံမှုမရှိသေးဘူးလို့ အာဆီယံနိုင်ငံ တွေကလူငယ်တွေနဲ့ ဗုဒ္ဓဟူးနေ့ကတွေ့ဆုံချိန်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့အချိန်မှာ အမေရိကန်နဲ့အာဆီယံ ဆက်ဆံရေး တိုးတက်မှုတွေပိုရလာဖို့ မျှော်လင့်တဲ့ အကြောင်း သူ့ရဲ့ညီလာခံမိန့်ခွန်းထဲမှာ မစ္စတာကယ်ရီက ပြောခဲ့ပါတယ်။
XS
SM
MD
LG