သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဦးစီးတဲ့ မြန်မာ့အရေးအလွတ်ဆွေးနွေးပွဲ ခိုင်မာတဲ့ရလဒ်မထွက်


 ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အလွတ်သဘောဆွေးနွေးပွဲ
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အလွတ်သဘောဆွေးနွေးပွဲ

(zawgyi/unicode)

ထိုင်းဦးစီးတဲ့ မြန်မာ့အရေးအလွတ်ဆွေးနွေးပွဲ ခိုင်မာတဲ့ရလဒ်မထွက်

ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ မြန်မာ့အရေး ဒေသတွင်းနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲကို အာဆီယံအသင်းကြီးရဲ့ အဓိကကျတဲ့ နိုင်ငံတွေမတတ်ရောက်သလို ဆွေးနွေးပွဲကနေ ခိုင်ခိုင်မာမာရလဒ်လည်း ထွက်မလာခဲ့ပါဘူး။

ဒီဆွေးနွေးပွဲကို ထိုင်းနိုင်ငံက ကမကထပြုကျင်းပတာဖြစ်ပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဗီယက်နမ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့ တတ်ရောက်တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Kanchana Patarachoke က ပြောပါတယ်။ မြန်မာနိုင်ငံအကျပ်အတည်းကို ဆွေးနွေးဖို့ ထိုင်းနိုင်ငံက အာဆီယံနိုင်ငံခြားရေးဝန်ကြီးအားလုံးကို ဖိတ်ကြားခဲ့ပေမဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့အဓိကအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နိုင်ငံတို့ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။ အာဆီယံထိပ်သီးဆွေးနွေးပွဲအပါအဝင် အာဆီယံအသင်းရဲ့အရေးပါတဲ့ဆွေးနွေးပွဲတွေမှာ မြန်မာစစ်ကောင်စီခေါင်းဆောင်တွေကို မဖိတ်ဖို့ ပြီးခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာ ထပ်မံဆုံးဖြတ်ထားတာပါ။

ထိုင်းနိုင်ငံမှာ မနေ့ကလုပ်တဲ့ ဆွေးနွေးပွဲဟာ အလွတ်သဘောဖြစ်ပြီး မြန်မာ့အရေးအာဆီယံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေး ဘယ်လိုနည်းလမ်းရှာမလဲဆိုတာနဲ့ လူသားချင်းစာနာမှုအကူအညီတွေကိစ္စကို အလေးပေးဆွေးနွေးကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ပြောခွင့်ရသူက ပြောပါတယ်။ အာဆီယံရဲ့ဆုံးဖြတ်ချက်နဲ့မညီတဲ့ အာဆီယံခေါင်းစဉ်အောက်က ဆွေးနွေးမှုမျိုးတွေကို အလွတ်သဘောဖြစ်စေ မလုပ်သင့်ဘူးလို့ စင်ကာပူနိုင်ငံခြားရေးက ကန့်ကွက်တယ်လို့ သံတမန်သတင်းကိုကိုးကားပြီးရိုက်တာသတင်းမှာရေးပါတယ်။

ဒီစာကို သီးခြားအတည်ပြုလို့တော့မရသေးပါဘူး။ ဒီဇင်ဘာလ ၂၂ ရက်နေ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနရဲ့ထုတ်ပြန်ချက်မှာတော့ ဒီဆွေးနွေးပွဲဟာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်အကောင်အထည်ဖော်ရေးအတွက် နည်းလမ်းရှာ ချဉ်းကပ်ဆောင်ရွက်မှုတခုဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးအဖြေထုတ်နိုင်မယ့် အခွင့်အလမ်းတရပ်ဖန်တီးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲကနေ တိကျခိုင်မာတဲ့ရလဒ်တစုံတရာထွက်မလာခဲ့ပါဘူးလို့ သံတမန်အဝန်းအဝိုင်းကပြောပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးကံဇော်တို့တော့ ဒီအစည်းအဝေးကို တက်ရောက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် အခြေအနေတွေအပေါ် ဖြေရှင်းဖို့ မြန်မာစစ်ကောင်စီဥက္ကဋ္ဌ အပါအဝင် အာဆီယံထိပ်သီးခေါင်းဆောင်တွေဟာ အာဆီယံသဘောတူညီချက်တရပ်ကို အဲဒီနှစ်ကုန်ပိုင်းမှာ ချမှတ်သဘောတူခဲ့တာပါ။ ဒါပေမယ့် မြန်မာစစ်ကောင်စီဘက်က အကောင်အထည်ဖော်ဖို့ ပျက်ယွင်းတယ်ဆိုပြီး အာဆီယံနဲ့ မြန်မာစစ်ကောင်စီအကြား ဆက်ဆံရေးတင်းမာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေကိုရပ်တန့်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူအားလုံး ချက်ခြင်းလွှတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုလိုက်ပြီးနောက် တရက်မှာပဲ ထိုင်းနိုင်ငံမှာ အခုလို မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲဖြစ်လာတာပါ။ ဒီဆွေးနွေးပွဲကို ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်မတိုင်ခင်ကတည်းက ထိုင်းနိုင်ငံက ကြိုတင်စီစဉ်ထားတာပါ။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]








XS
SM
MD
LG