သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအထူးကိုယ်စားလှယ် အဓိကကျတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံ

အာဆီယံအဖွဲ့ဝင်နိုင်ငံ အလံများ
အာဆီယံအဖွဲ့ဝင်နိုင်ငံ အလံများ

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်သစ်ဟာ မြန်မာနိုင်ငံအပြန် ထိုင်းနိုင်ငံမှာ NUG အပါအဝင် မြန်မာအတိုက်အခံတွေနဲ့ ဒီမနက် တွေ့ဆုံခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အခုရက်ပိုင်း မြန်မာနိုင်ငံကို သွားခဲ့တဲ့ အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌသစ် မလေးရှားနိုင်ငံက အထူးကိုယ်စားလှယ် Othman Hashim ဟာ ဒီမနက် ဘန်ကောက်မြို့မှာ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် အတိုက်အခံအဖွဲ့တွေနဲ့ တွေ့ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ကရင်နီ KNPP, ချင်း CNF နဲ့ မွန် NMSP-AD အဖွဲ့တို့လည်းပါတဲ့ ဒီဆွေးနွေးပွဲမှာ အာဆီယံ ဘုံသဘောတူချက် ၅ ချက်ထဲက ၃ ချက်ဖြစ်တဲ့ စစ်ပွဲအကြမ်းဖက်မှုတွေ ရပ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို နယ်စပ်ကတဆင့်ပါပေးဖို့၊ အားလုံးပါတဲ့ ဆွေးနွေးပွဲဖြစ်ဖို့ အဓိက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံခရီးစဉ်မှာတော့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ခဲ့တာမှာ စစ်ကောင်စီဘက်စပြီး စစ်ပွဲတွေ ရပ်ပေးရင် ပိုကောင်းနိုင်တာကိုပါ အကြံပြုခဲ့တာကို အထူးကိုယ်စားလှယ် Othman Hashim က ပြန်ရှင်းပြခဲ့တယ်လို့လည်း ဒီနေ့ တွေ့ဆုံပွဲအကြောင်း သိသူတွေက ပြောပြပါတယ်။

မလေးရှားနိုင်ငံဟာ အင်ဒိုနီးရှား အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူစဉ်က မြန်မာက သက်ဆိုင်တဲ့ အဖွဲ့ပေါင်းစုံနဲ့ ဆွေးနွေးပွဲ ၁၀၀ ကျော် လုပ်ခဲ့တာကို အဓိက အတွေ့အကြုံယူပြီး၊ ဆက်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ အထူးကိုယ်စားလှယ် Othman Hashim က ရှင်းပြခဲ့ပါတယ်။ အခုတပတ် ကြာသပတေးနေ့ကစပြီး အခုလို ပြည်တွင်းနဲ့ပြည်ပမှာ တွေ့ဆုံခဲ့မှုတွေကို မလေးရှားဘက်က သတင်း မထုတ်ပြန်စေချင်တာကြောင့်၊ အခုချိန်ထိ တရားဝင် သတင်းမထုတ်တာလို့ နီးစပ်သူတွေက ပြောပြကြပါတယ်။

This item is part of

Forum

XS
SM
MD
LG