သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသွင်ကူးပြောင်းနေတဲ့ မြန်မာနဲ့ ဆက်လက် ဆက်ဆံသွားမည်ဟု အိုဘားမားပြော


(Credit: VOA-Burmese)
(Credit: VOA-Burmese)

အသွင်ကူးပြောင်းရေးအဆင့်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ပြီး ထိတွေ့ ဆက်ဆံသွားမှာ ဖြစ်တဲ့အကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ပြောလိုက်ပါတယ်။ ကာလီဖိုးနီးယားပြည်နယ်၊ Rancho Mirage အပန်းဖြေမြို့က Sunnylands ခြံဝင်းကြီးထဲမှာ ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးအဆုံးသတ် အင်္ဂါနေ့ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သမ္မတ အိုဘားမားက အဲဒီလိုပြောသွားတာပါ။ အပြည့်အစုံကို သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင်သွားပြီး သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက Sunnylands ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းတက်ရောက်တဲ့ အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေးဟာ နှစ်ရက်ကြာ ကျင်းပပြီးတဲ့နောက် ဖေဖော်ဝါရီလ ၁၆ ရက် အင်္ဂါနေ့က ပြီးဆုံးသွားတာပါ။ အစည်းအဝေး အဆုံးသတ်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အိမ်ရှင်ဖြစ်တဲ့ သမ္မတ အိုဘားမားက အမေရိကန်နဲ့ အာဆီယံအဖွဲ့အကြား ဆွေးနွေးချက်တွေ၊ သဘောတူညီချက်တွေကို ပြောသွားတဲ့ထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်း ပြောဆိုသွားတာပါ။

“သမ္မတအသစ် ရွေးချယ်တင်မြှောက်သွားတာနဲ့အမ ျှ၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဆက် အကောင်အထည်ဖော်သွားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆက်လုပ်သွားတာနဲ့အမ ျှ မြန်မာလူထုနဲ့ ဆက်ပြီး ထိတွေ့ ဆက်ဆံသွားပါမယ်။”

ဒီလိုထိပ်သီးအစည်းအဝေးမျိုးကို အမေရိကန်ပြည်ထောင်စုက လက်ခံကျင်းပတာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး၊ ဒေသတွင်းက စစ်အာဏာသိမ်း ခေါင်းဆောင်တွေ၊ တပါတီအာဏာရှင် အစိုးရအဖွဲ့ ခေါင်းဆောင်တွေ စသည်အားဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံထားရတာမဟုတ်တဲ့ ခေါင်းဆောင်တွေကို အမေရိကန်သမ္မတကဖိတ်ပြီး ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးလည်း ဖြစ်ပါတယ်။ ဒီအပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထောက်ပြတာကို သမ္မတအိုဘားမားက သတိပြုမိပုံရပါတယ်။ ဒါကြောင့်လည်း လူ့အခွင့်အရေးလို ကိစ္စမျိုးကို အမေရိကန်က မေ့မထားဘူးဆိုတဲ့သဘော ထည့်ပြောသွားပါတယ်။

“အရှေ့တောင်အာရှဒေသတဝန်းမှာ တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ တာဝန်ခံမှုရှိတဲ့ အဖွဲ့အစည်းတွေ၊ လူထုအားလုံးအတွက် လူ့အခွင့်အရေးတွေ ဖြစ်ထွန်းစေဖို့ လုပ်ဆောင်နေသူတွေနဲ့ အမေရိကန်ပြည်ထောင်စုဟာ အတူတကွ ဆက်ပြီးရပ်တည်သွားမယ်ဆိုတာကို ကျနော် ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။”

အရှေ့တောင်အာရှနိုင်ငံတွေအားလုံးက ကဏ္ဍအသီးသီးမှာ လုပ်ကိုင်နေကြတဲ့ လူငယ်ခေါင်းဆောင်တွေကို အမေရိကန် ပြည်ထောင်စုက လေ့ကျင့်ပျိုးထောင်ပေးတဲ့ YSEALI လို့ခေါ်တဲ့ အာဆီယံ လူငယ်ခေါင်းဆောင်အစီအစဉ်ကို ၂၀၁၃ ခုနှစ်မှာ စတင် အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး အခုဆိုရင် လူငယ်ခေါင်းဆောင်အဖွဲ့ဝင် ၆၀,၀၀၀ ကျော် ရှိနေပါပြီ။ သူ့ရဲ့သမ္မတ သက်တမ်းအတွင်း ချမှတ်အကောင်အထည်ဖော်တဲ့ ဒီအစီအစဉ်အပေါ်မှာလည်း သမ္မတအိုဘားမားက မေုျှာ်လင့်ချက် အတော်ထားပုံရပါတယ်။

“အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် အစီအစဉ်ကနေတဆင့် စီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်စေဖို့၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ ဒေသတဝှမ်းက အောက်ခြေလူထုခေါင်းဆောင်တွေ စသည်အားဖြင့် လူငယ်တွေတိုးတက်စေဖို့ ကျနော်တို့ ရဲ့ရင်းနှီးမြှုပ်နှံမှုဟာ နောင်လာမယ့် နှစ်ပေါင်းများစွာအတွက် ပူးပေါင်းလုပ်ဆောင်မှုနဲ့ ချစ်ကြည်ရင်းနှီးမှု စိတ်ဓာတ်အရင်းခံနဲ့ ကျနော်တို့ကြားမှာ နောက်ထပ် ပိုပြီး ခိုင်မြဲစေလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”

သမ္မတအိုဘားမားရဲ့ သမ္မတသက်တမ်းဟာ တနှစ်လောက်ပဲ ကျန်တော့တာမို့ အခုလို ထိပ်သီး အစည်းအဝေးမျိုးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတာ ဒါဟာ နောက်ဆုံးအကြိမ် ဖြစ်မှာပါ။ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကနေ ဘယ်လို သမ္မတမျိုးပဲ တက်လာတက်လာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေးမှာ သူ့အစိုးရက လမ်းကြောင်းချပေးထားတဲ့ အလားအလာကောင်းပေါ်မှာ အခြေခံပြီး ဆက်တိုးတက်အောင် လုပ်ဆောင်သွားဖို့ သမ္မတ အိုဘားမားက မေ ျှာ်လင့်ထားပါတယ်။

XS
SM
MD
LG