သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး မြန်မာကို ASEAN ဖိအားပေး


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Thaingkhli ဒုက္ခသည်စခန်းအနီး တောအုပ်ထဲမှ ထင်းများစုဆောင်းရယူလာသည့် ဒုက္ခသည်များ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Thaingkhli ဒုက္ခသည်စခန်းအနီး တောအုပ်ထဲမှ ထင်းများစုဆောင်းရယူလာသည့် ဒုက္ခသည်များ။

ရိုဟင်ဂျာပဋိပက္ခနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို ထိထိရောက်ရောက်အရေးမယူလို့ ငြိမ်းချမ်းရေးနိုဘလ် ဆုရှင် ဒေါ် အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာအစိုးရကိုနိုင်ငံတကာက ဖိအားတွေ တရစပ်ပေးနေ ပါတယ်။ သူများနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေးဆိုတဲ့ မူကိုချမှတ်ထားတဲ့ အာစီယံနိုင်ငံတွေကပါ မြန်မာအစိုးရကိုဖိအားပေးလာနေပါပြီ။ ဒီအကြောင်း David Boyle ရဲ့သတင်းကို ကိုကျော်အောင်လွင် တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂရဲ့အဆိုအရ ကျောင်းသုံးစာအုပ်ထဲမှာတောင် စံနမူနာထားပြီးဖေါ်ပြလောက်တဲ့ ရိုဟင်ဂျာ မူဆလင်တွေကို လူ မျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရက တာဝန်ရှိသူ တွေကို အရေးမယူပဲဖြစ်နေလို့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေကပါ မြန်မာအစိုးရကို စိတ်ပျက်တဲ့အကြောင်းထုတ်ပြောလာ နေကြပါပြီ။ အာဆီယံဆိုတာက သူများနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ပြီးမစွက်ဖက်ရေးဆိုတဲ့မူကိုချမှတ်ထားတဲ့ နိုင်ငံတွေဖြစ်ပေမဲ့လည်း မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေက တရားလွန်လွန်းတယ်လို့ မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က TRT တူရကီရုပ်မြင်သံကြားနဲ့ တွေ့ဆုံမေးမြန်းခန်မှာ အခုတပတ်အတွင်း ပြောခဲ့ပါတယ်။

“ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး ကျနော်တို့က ရှုတ်ချကြောင်း ပွင့်ပွင့်လင်းလင်းပြောခဲ့ပါပြီ။ လူမျိုးတုန်း သတ်ဖြတ်မှု အထိ ဖြစ်လာ တာကြောင့် မြန်မာကိုကျနော်တို့က ရှုတ်ချပါတယ်။ ဒီကိစ္စမှာ စကားလုံး လှအောင်ရွေးပြီး ကျနော်တို့ပြောမနေနိုင်ပါဘူး။ အာဆီယံရဲ့မူဝါဒအရ သူများပြည်တွင်းရေးကို ဝင်မစွက်ဘက်ရေးဆိုတာ ချထားပေမဲ့လည်း မြန်မာနိုင်ငံအတွင်းမှာဖြစ်ခဲ့တဲ့ ကိစ္စက တရားလွန်လွန်း တာကြောင့်ပါ။ ကျနော်တို့ရဲ့အမြင်ကို ကျနော်တို့ထုတ်ပြောတာပါပဲ။”

ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဝန်ကြီးချုပ်မဟာသီယာက စာရေးသားပေးပို့ခဲ့တယ်ဆိုပေမဲ့ သူ့ဆီကို ဘာမှ အကြောင်း မပြန်တာကြောင့် စိတ်ပျက်မိတယ်လို့လည်း မဟာသီယာကဆိုပါတယ်။ ဒေါ်စုကို သူဆက်ပြီး မထောက်ခံတော့ဘူးလို့လည်း ပြောပါတယ်။

“သူအဖမ်းခံနေရတုန်းက သူကိုပြန်လွှတ်ပေးရေး ကျနော်တို့ကြိုးပမ်းခဲ့ကြပါတယ်။ နောက်ဆုံးတော့ သူပြန်လွတ် လာခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုကိစ္စမှာတော့ သူကပြောင်းလဲသွားပါပြီ။ ရိုဟင်ဂျာတွေအပေါ်စစ်တပ်က နှိမ်နင်းခဲ့တာနဲ့ပတ် သက်လို့ ဆန့်ကျင်ပြီးပြောတာမှန်သမျှ ဒေါ်အောင်ဆန်းစုကြည်က မမြင်ချင်ပါဘူး။ အခုတော့ ရှင်းသွားပါပြီ။ ကျနော်တို့ သူ့ကိုဆက်ပြီး ထောက်ခံမှုတွေ မလုပ်တော့ပါဘူး။”

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကလည်း မြန်မာနိုင်ငံကအဖြစ်အပျက်ဟာ အခုလို ခေတ်ကာလမှာ မဖြစ်သင့်မဖြစ်ထိုက်တဲ့အခြေအနေလို့ ဒီတပတ်ထဲမှာပဲ စင်္ကာပူလွှတ်တော်မှာ ပြောခဲ့ပါတယ်။ ရိုဟင်ဂျာတွေနှိမ်နင်းခံခဲ့ ရတဲ့ကိစ္စက လူတွေကဖန်တီးတဲ့ လူသားချင်းစာနာမှုဆိုင်ရာကပ်ဆိုးတခုဖြစ်ပြီး အရှေ့တောင်အာရှတဝှမ်းလုံးနဲ့ အရှေ့ တောင်အာရှကိုပါ ကျော်လွန်ပြီး ခြိမ်းခြောက်နေတဲ့ပြဿနာဆိုတာ ရှင်းပါတယ်လို့လည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အခုလိုပြောဆိုမှုဟာ အာဆီယံရဲ့ရပ်တည်ချက်ပြောင်းလဲလာတဲ့လက္ခဏာတရပ်လို့ မျှော်လင့်နိုင်ပေ မဲ့လည်း အပြောတင်မက လုပ်ဆောင်မှုပါလိုက်လာဖို့လိုအပ်တယ်လို့ Amnesty International နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့က မြန်မာ့ အရေးသုတေသီ Laura Haigh ကပြောပါတယ်။

“မြန်မာနိုင်ငံကအခြေအနေနဲ့ပတ်သက်ပြီးအာစီယံနိုင်ငံတွေက စပြီးပြောဆိုလာကြတာကို ကျမတို့မြင်ရတာ တကယ်ပဲ ထူးခြားတဲ့ကိစ္စလို့ ကျမထင်ပါတယ်။ ဒါပေမဲ့လည်း အခုမှပြောလာတဲ့ကိစ္စကတော့ နည်းနည်း နောက်ကျနေပြီလို့ ကျမထင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုဟင်ဂျာတွေကိုအပြင်းအထန်နှိမ်နင်းခဲ့တာက တနှစ်ကျော်ရှိပါပြီ။ အခုချိန်ထိ အာစီယံ အဖွဲ့က ထိရောက်တဲ့ဆောင်ရွက်မှုတွေတခုမှ မလုပ်သေးပါဘူး။ ရိုဟင်ဂျာပြဿနာကို တရားဝင်ဆွေးနွေးပြောဆိုတာ တောင်မရှိသေးပါဘူး။”

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို အသိအမှတ်မပြုပါဘူး။ ရိုဟင်ဂျာရွာသား ဆယ်ဦး အသတ်ခံခဲ့ရတဲ့ ကိစ္စကို စုံစမ်းဖေါ်ထုတ်ဖို့ကြိုးပမ်းတဲ့ Reuters သတင်းသမား ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကိုလည်း နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ငြိစွန်းလို့ဆိုပြီး ထောင် ၇ နှစ်စီချထား ပါတယ်။ ကုလသမဂ္ဂနဲ့ ICC နိုင်ငံတကာပြစ်မှုခုံရုံးက မြန်မာစစ်ခေါင်းဆောင် တွေကို အမြန်ဆုံးလာဖမ်းဆီးပေးပါဆိုပြီး သြဂုတ်လက ရန်ကုန်မြို့လည်ခေါင်မှာ ဆန္ဒြုပခဲ့သူ ကိုထင်ကျော်ကိုလည်း ဖမ်းဆီး ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG