သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၅ ကြိမ် အာဆီယံထိပ်သီးညီလာခံ အကြိုသုံးသပ်ချက်


အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲနဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတွေကို ရှေ့သီတင်းပတ်ထဲမှာပဲ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်နဲ့ လက်ခံကျင်းပတော့မှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲတွေကို အမေရိကန်နဲ့ ရုရှားနိုင်ငံတွေက သမ္မတတွေအပြင် တရုတ်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ပါ တက်ရောက်ကြမှာဖြစ်သလို အရှေ့တောင်အာရှ နိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲတွေအတွက် အခုလို ခေါင်းဆောင်ပိုင်းတွေ တက်ရောက်လာကြမှာ ဖြစ်ပေမဲ့ မျှော်လင့်ချက်တွေတော့ သိပ်မထားကြဘူးလို့ ဘန်ကောက်က VOA သတင်ထောက် Steve Herman က သတင်းပို့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက် တင်ပြထားပါတယ်။

အာဆီယံရဲ့ တညီတညွတ်တည်း ဆုံးဖြတ်မှုတွေ၊ ပြန်လည်သင့်မြတ်ရေးနဲ့ သူတပါးနိုင်ငံကိစ္စ ကြားမဝင်တဲ့ လုပ်နည်းတွေဟာ တည်ငြိမ်မှု သိပ်မရှိလှတဲ့ ဒီဒေသကို အခုနှစ်ပိုင်းအတွင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေစေသလို ဒါဟာ အာဆီယံအတွက် ထိရောက်တဲ့ လုပ်နည်းတခုလို့ စင်္ကာပူ အရှေ့အာရှ လေ့လာရေးဌာန အကြီးအကဲဖြစ်တဲ့ အရင်အာဆီယံ အတွင်းရေးမှူးချုပ်ဟောင်း Rodolfo Severino က ပြောပါတယ်။

“အာဆီယံရဲ့ ထုံးစံက တခုခု ပြတ်ပြတ်သားသား ထလုပ်ဖို့မဟုတ်ဘဲ တခုပြီးတခု တဆင့်စီ လုပ်တာမျိုးပါ။”

ဒါပေမဲ့ ဒါဟာ အရေးကြီးတဲ့ ပြဿနာတွေ ဖြေရှင်းရာမှာ အတားအဆီးတခုလို့ BKK Webster တက္ကသိုလ်က ပါမောက္ခ Jason Briggs က မြင်ပါတယ်။

“အာဆီယံဟာ ခေါင်းဆောင်တွေ တွေ့ဆုံပွဲတို့၊ ထိပ်သီးညီလာခံတို့အပြီးမှာ ပြတ်ပြတ်သားသား ဘာလုပ်မယ်ဆိုတာထက် မှတ်တမ်းတွေ၊ ကြေညာစာတမ်းတွေ၊ ပူးတွဲကြေညာချက်တွေလို ခပ်လျော့လျော့ပုံစံမျိုးတွေ ထုတ်ပြန်တာပဲ တွေ့ရပါတယ်။”

အာဆီယံမှာ ထူးခြားတဲ့ အောင်မြင်မှုတခုအနေနဲ့ တွေ့ရဖို့ မျှော်လင့်ထားတာကတော့ ရှေ့နှစ်ထဲ အာဆီယံစီးပွားရေး အသိုက်အဝန်းရဲ့ နယ်စပ်ကျော်ဖြတ် ကုန်သွယ်မှုနဲ့ ခရီးသွားလုပ်ငန်းတွေ အဆင်ပြေပြေ ဖြစ်လာဖို့ပါ။ ဒါတောင် အခုထိ ဘာမှ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အတွက် ဒီနှစ် ထိပ်သီးညီလာခံကနေ သေသေချာချာ ချပြသင့်တယ်လို့ Severino က ပြောပါတယ်။

“အစည်းဝေးကျင်းပဖို့ သိပ်မလိုတော့တာမို့ ကိုယ့်အသိုင်းအဝိုင်း ဘယ်ပုံစံမျိုး ဖြစ်သင့်တယ်ဆိုတာကို အာဆီယံခေါင်းဆောင်တွေက ချပြရမှာပါ။ ဒါဟာ မလေးရှားနိုင်ငံ အလှည့်ကျဥက္ကဌဖြစ်တဲ့ အချိန်အတွက်ဖြစ်ပြီး ဒီလို ဖြစ်လာဖို့ လိုပါတယ်။”

ပြီးခဲ့တဲ့နှစ် ထိပ်သီးအစည်းအဝေး အချိန်မှာတုန်းက အမေရိကန်မှာ အစိုးရလုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းသွားခဲ့တာမို့ သမ္မတအိုဘားမား မလာရောက်ချိန်မှာတော့ တရုတ်ခေါင်းဆောင်တွေက နေရာကောင်းဝင်ယူဖို့ ဖြစ်သွားခဲ့ပါတယ်။ ဒီနှစ်မှာလည်း အမေရိကန်အစိုးရဟာ အာဆီယံ ၁၀ နိုင်ငံကလွဲရင် တခြားအစိုးရခေါင်းဆောင်တွေနဲ့ သံတမန်ရေး အဆင်မပြေဖြစ်ချိန်မှာ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

“အိန္ဒိယက ဝန်ကြီးချုပ်သစ် Modi အစိုးရအဖွဲ့နဲ့ ရုရှားခေါင်းဆောင်တွေပါ ဒီပွဲကိုတက်ဖို့ ဖိတ်ထားပါတယ်။ ရုရှားဆို အမေရိကန်နဲ့ နှစ်ဘက် မပြေလည်မှုတွေ အများကြီးပါ။ ဒါဟာ သမ္မတ အိုဘားမားနဲ့ ဒီခေါင်းဆောင်တွေကြား အဆင်ပြေပြေ ဆွေးနွေးနိုင်ဖို့ အခွင့်အလန်း တခုလည်း ဖြစ်ပါတယ်။”

သမ္မတ အိုဘားမားအနေနဲ့ IS အစ္စလာမ်စစ်သွေးကြွတွေရဲ့ လှုပ်ရှားမှု၊ ယူကရိန်းပြဿနာ၊ ပစိဖိတ်ဒေသ ကုန်သွယ်ရေးပြဿနာတွေနဲ့ တရုတ်ရဲ့ ရေပြင်ပိုင်နက် ချဲ့ထွင်မှုအပြင် အနောက်အာဖရိကက အီဘိုလာကပ်ရောဂါကို ဘယ်လိုထိန်းချုပ်မယ် ဆိုတာတွေ အပါအဝင် အရေးကြီးတဲ့ ပြဿနာ အများအပြားကို ဘေးပန်းတွေ့ဆုံပွဲတွေမှာ ဆွေးနွေးနိုင်မယ့် အချိန်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG