အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေ ဒီနေ့ ဒီဇင်ဘာလ ၂၀ရက်နေ့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ တွေ့ဆုံပြီး မြန်မာ့အရေးအလွတ်သဘော ဆွေးနွေးပွဲ ကျင်းပပါတယ်။
မြန်မာနိုင်ငံရဲ့ အကျပ်အတည်း ဖြေရှင်းပေးနိုင်ရေး အာဆီယံအဖွဲ့ကြီးက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖေါ်နိုင်အောင် အလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ လာအိုနိုင်ငံက ကြီးမှုးပြီး ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အစည်းအဝေးဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကြောင့် အာဆီယံ ထိပ်သီးစည်းဝေးပွဲတွေမှာ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ တက်ရောက်ခွင့်ပေးဖို့ အာဆီယံအဖွဲ့ကြီးက ချမှတ်ထားပါတယ်။ ဒီနေ့ အာဆီယံ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲမှာလည်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခြင်း မရှိပါဘူး။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတွေကတော့ အစည်းအဝေး တက်ရောက်မယ့်အကြောင်း ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံ အကြပ်အတည်းကို ဖြေရှင်းရေး၊ အာဆီယံရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြတဲ့ ညှိနှိုင်းဆွေးနွေးပွဲဖြစ်တဲ့အကြောင်း လာမယ့်နှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမယ့် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အစည်းအဝေးကို အာဆီယံရဲ့ လက်ရှိ ဥက္ကဋ္ဌ ၊အရင်ကနဲ့ နောင်တာဝန်ယူမယ့် အလှည့်ကျ ဥက္ကဋ္ဌတွေအပြင် စိတ်ဝင်စားတဲ့ နိုင်ငံတွေရဲ့ အလွတ်သဘော ညှိနှိုင်းအစည်းအဝေးအဖြစ် ကြေညာထားပါတယ်။ ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တွေကတော့ အာဆီယံရဲ့ မြန်မာ့အရေးချဉ်းကပ်မှုဟာ စစ်ကောင်စီ အုပ်ချုပ်မှုကို တရားဝင် အသိအမှတ်ပြုရာရောက်ပြီး ဒေသအတွင်း အဖွဲ့အစည်းကြီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တယ်လို့ ဝေဖန်သတိပေးနေပါတယ်။
Forum