သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေပိုင်နက် အငြင်းပွားမှု အာဆီယံ အစည်းအဝေးမှာ ဆွေးနွေး


အာဆီယံ အစည်းအဝေး တက်ရောက်နေကြတဲ့ နိုင်ငံခြားရေး ဝန်ကြီးများ။ (နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၁၂)။
အာဆီယံ အစည်းအဝေး တက်ရောက်နေကြတဲ့ နိုင်ငံခြားရေး ဝန်ကြီးများ။ (နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၁၂)။
တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ပြဿနာမှာ အဓိကကျတဲ့နိုင်ငံတွေ အနေနဲ့ တရားဝင် ဆက်သွယ်ရေး လမ်းကြောင်းကို ဖွင့်ထားရမယ်လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားလိုက်ပါတယ်။ ပင်လယ်ရေကြောင်း ပြဿနာကို ဘယ်လို ဖြေရှင်းပြီးတော့ သဘောတူညီချက် ရနိုင်မလဲ ဆိုတာကို စောင့်နေခဲ့တာကြာပြီဖြစ်ပေမဲ့ အခုချိန်ထိတော့ အခြေအနေက မရေမရာ ရှိနေဆဲပဲ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် Irwin Loy ဖနွမ်ပင်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။

နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်အတွင်းမှာ တနိုင်ငံနဲ့ တနိုင်ငံ နောက်ထပ် ထိပ်တိုက်တွေ့တာမျိုးတွေကို မဖြစ်အောင် ရှောင်နိုင်ဖို့အတွက် အာဆီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံကြားမှာ အရေးပေါ် ဆက်သွယ်လို့ရနိုင်မယ့် ဆက်သွယ်ရေးလမ်းကြောင်း ထားရှိဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာ လေဂါဝါ က အဆိုပြုလိုက်ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်းမှာရှိတဲ့ နယ်မြေအတော်များများကို တရုတ်နိုင်ငံက သူတို့ ပိုင်ဆိုင်တယ်လို့ ပြောနေပါတယ်။ အာဆီယံနိုင်ငံတွေ နဲ့ တရုတ်နိုင်ငံကြား အပြိုင်အဆိုင် သူပိုင် ငါပိုင် ပြောနေကြတာတွေနဲ့ ပတ်သက်ပြီး ဘယ်လို ကိုင်တွယ်ရှင်းရမယ် ဆိုတဲ့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး သဘောတူညီချက်ရဖို့ အဝေးကြီလိုနေသေးပေမဲ့လည်း၊ လုံခြုံရေးအတွက် လိုအပ်နေတဲ့ ဒီလုပ်ငန်းစဉ်ကို ထားရှိသင့်တယ်လို့ သူက ပြောလိုက်ပါတယ်။

“အာဆီယံနိုင်ငံတွေ နဲ့ တရုတ်နိုင်ငံကြား လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ဖြစ်လာအောင် လုပ်နေတဲ့ တချိန်တည်းမှာပဲ၊ ကျနော်တို့ အင်ဒိုနီးရှား နိုင်ငံက ဒီနယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စမှာ အဓိက ပါဝင်နေတဲ့ နိုင်ငံတွေကြား အရေးပေါ် ဆက်သွယ်နိုင်မယ့် လမ်းကြောင်း ထားရှိနိုင်ဖို့ကိစ္စကို လုပ်ဖို့ ရှိကြည့်နေပါတယ်။ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို သဘောတူညီမှု မရသေးခင်အချိန်အတွင်း၊ တကယ်လို့ အနာဂတ်မှာ ပြဿနာ တစုံတခု ဖြစ်လာမယ်ဆိုရင် ၊ ဒီလိုလုပ်ထားခြင်း အားဖြင့် ကျနော်တို့ အနေနဲ့ အပြန်အလှန် ဆက်သွယ်ပြီး ဆွေးနွေးလို့ ရနိုင်ပါတယ်။”

ဒီအဆိုပြုချက်က အကဲခတ်စောင့်ကြည်သူတွေ ခန့်မှန်းနေသလိုပဲ တရုတ်နိုင်ငံ နဲ့ အာဆီယံကြားမှာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စအပေါ် ဘယ်လို အဆုံးသတ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး သဘောတူညီချက်ရဖို့ အဝေးကြီး လိုနေသေးတယ် ဆိုတာကို ပြသတဲ့ နောက်ထပ် အရိပ်လက္ခဏာတရပ် ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ တောင်တရုတ်ပင်လယ်ထဲက ကျွန်းတွေကို သူတို့ ပိုင်ဆိုင်တယ် လို့ ပြောနေတဲ့ နိုင်ငံ ၄ နိုင်ငံကတော့ ဖိလစ်ပိုင်၊ မလေးရှား ၊ ဘရူနိုင်း နဲ့ ဗီယက်နမ်နိုင်ငံ တို့ဖြစ်ပါတယ်။ ဒါပေမဲ့ တောင်တရုတ်ပင်လယ်နေရာ အတော်များများက ကျွန်းတွေကို တရုတ်နိုင်ငံက သူတို့ပိုင်တယ်လို့ ပြောတာကြောင့် တရုတ် နဲ့ အာဆီယံနိုင်ငံတွေ ကြားမှာ ပြဿနာတွေ ဖြစ်လာခဲ့တာပါ။ အာဆီယံအဖွဲ့ဝင် ၄ နိုင်ငံကတော့ တရုတ်နိုင်ငံနဲ့ ဖြစ်နေတဲ့ ဒီပြဿနာကို အာဆီယံအဖွဲ့ အနေနဲ့ တပေါင်းတစည်းတည်း ရှင်းဖို့ အတွက် တွန်းအားပေး လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံဘက်ကတော့ ဒီပြဿနာတွေ နဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့တခုလုံး အနေအထားနဲ့ ဆွေးနွေးဖြေရှင်းချင်တဲ့ပုံ မရှိဘဲ ၊ တနိုင်ငံချင်းစီပဲ ပိုပြီးတော့ ဖြေရှင်းချင်နေပါတယ်။

လာမယ့်ရက်ပိုင်းတွေအတွင်းမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို မချမှတ်နိုင်သေးရင်တောင်မှ၊ ဒီကနေ့ တနင်္ဂနွေနေ့မှာ စတင်မယ့် နိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေးအတွင်းမှာ တိုးတက်မှု တစုံတရာ ရရှိဖို့ လိုနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာ လဂါဝါ က ပြောလိုက်ပါတယ်။

“အရှိန်ရသွားဖို့က အဓိကကျတယ်လို့ ကျနော် ထင်ပါတယ် ။ အခြေအနေတွေ ဒီထက် ပိုဆိုးမသွားအောင်လုပ်ဖို့ အင်ဒိုနီးရှားက ဆန္ဒရှိပါတယ်။ ကျနော်တို့အနေနဲ့ ဒီအတိုင်းပဲ ဆက်ပြီးရှိနေမယ် ဆိုရင် ၊ အခြေအနေတွေက နောက်ကြောင်းပြန်လှည့် သွားနိုင်ပါတယ်။”

အာဆီယံခေါင်းဆောင်တွေဟာ ဒီကနေ့မှာ မျက်နှာချင်းဆိုင် တွေ့ဆုံပြီး အစည်းအဝေး ကျင်းပကြမှာဖြစ်ပြီး၊ အမေရိကန်သမ္မတ အိုဘားမားကတော့ မနက်ဖြန် တနင်္လာနေ့ နှောင်းပိုင်းမှာ အာဆီယံ အစည်းအဝေးကို ရောက်ရှိလာမှာဖြစ်ပါတယ်။
XS
SM
MD
LG