သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ထိပ်သီးဆွေးနွေးပွဲ စတင်


အာဆီယံနိုင်ငံအလံများ။

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ ထိပ်သီး ဆွေးနွေးပွဲကို ကွာလာလာမ်ပူမြို့မှာ ဒီနေ့ စတင်လိုက်ပါပြီ။ နှစ်ရက်ကြာမယ့် ဒီဆွေးနွေးပွဲ တွင်းမှာ တောင်တရုတ်ပင်လယ်ပြင်တွင်း တရုတ်အစိုးရရဲ့ နယ်မြေချဲ့ထွင်မှုတွေနဲ့ ပတ်သက်လို့ အဓိက ဆွေးနွေးဖို့ ရှိနေပါတယ်။

အိမ်ရှင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Najib Razak က တရုတ်နိုင်ငံနဲ့ အပြုသဘောဆောင်တဲ့ ထိစပ်ဆွေးနွေးမှုတွေကို ဆက်လုပ်သွားမယ်။ ဂျပန်ရဲ့ ရပ်တည်ချက်ကို တရုတ်နိုင်ငံက နားလည်ပြီး အာဆီယံအသင်းကို ဆန့်ကျင်ဘက် အဖွဲ့တခုလို မမြင်စေဖို့ မျှော်လင့်ထားတယ်။ ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်စေမယ့် ဘယ်လို အခြေအနေမဆို တရုတ်နိုင်ငံအတွက်လည်း အကျိုး မရှိဘူးဆိုတာကို လက်ခံဖို့ မျှော်လင့်မိတယ်၊ ဒီလို အခြေခံတွေ အပေါ်မှာ မူတည်ပြီး အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ တောင်တရုတ်ပင်လယ်ပြင်ဆိုင်ရာ အငြင်းပွားမှုတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ပါတယ်။

တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေ ကြား ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေ ကို ဖြေရှင်းရာမှာ ဒေသတွင်း တင်းမာမှုတွေ မဖြစ်စေဘဲ ငြိမ်းငြိမ်း ချမ်းချမ်း ဖြေရှင်းကြဖို့ ကျန်တဲ့ အာဆီယံအဖွဲ့ဝင် ၉ နိုင်ငံကိုလည်း ဒီကနေ့ ဆွေးနွေးပွဲ အဖွင့်မှာ မလေးရှား ၀န်ကြီးချုပ် Najib က တိုက်တွန်းခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ် နဲ့ ဘရူးနိုင်ငံ နိုင်ငံတွေက သူတို့ပိုင်ဆိုင်ကြောင်း ပြောထားတဲ့ Spratly ကျွန်းစုတွေမှာ တရုတ်ဘက်ကလည်း သူပိုင်တယ်လို့ပြောပြီး ဒီကျွန်းစုတွေမှာ လေယာဉ်ကွင်းတွေနဲ့ အခြေခံ အဆောက်အအုံတွေ တိုးချဲ့တည်ဆောက်နေပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ တောင်တရုတ် ပင်လယ်ပြင်ပြဿနာအပြင် အာဆီယံအနေနဲ့ ဒီနှစ်ကုန်မှာ ဒေသဆိုင်ရာ လူမှုအသိုက်အ၀န်းတခု ပေါ်ပေါက်လာရေး ရည်မှန်းချက်ထား ဆောင်ရွက်မှုနဲ့ ပတ်သက်လို့လည်း ဝန်ကြီးချုပ် နာဂျစ်က အလေးပေး ပြောဆိုခဲ့ပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ကလဲ အခု ၂၀၁၅ ဟာ ဒီ အာဆီယံ အသိုက်အဝန်း ထူထောင်ရေးအတွက် အရေးကြီးတဲ့နှစ်ဖြစ်တယ်၊ ခုလို တခုတည်းသော အာဆီယံ အသိုက်အဝန်းဖြစ်ရေးကြိုးပမ်းမှုဟာ သမိုင်းဝင်ကျန်ရစ်မဲ့ မှတ်တိုင်လဲဖြစ်တယ်လို့ မိန့်ခွန်းထဲမှာ ထဲ့ပြောခဲ့ပါတယ်။

XS
SM
MD
LG