သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံနဲ့ အိမ်နီးချင်းများ ပိုမိုပူးပေါင်းရေး ဆွေးနွေး


အာဆီယံနဲ့ အိမ်နီးချင်းများ ပိုမိုပူးပေါင်းရေး ဆွေးနွေး

တောင်ကိုရီးယားနိုင်ငံမှာ မနက်ဖြန် ကျင်းပဖို့ ရှိနေတဲ့ ညီလာခံအတွင်း အာရှဒေသက နိုင်ငံတွေကြား ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် ပုံစံသစ် ချမှတ်ဆောင်ရွက်နိုင်မယ့် ပထမအဆင့် လုပ်ငန်းတွေကို လုပ်ဆောင်သွားဖို့ ရှိတယ်လို့ တောင်ကိုရီးယား ဘဏ္ဍာရေး ၀န်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့က ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူတွေအပြင် တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား အဆင့်မြင့် အရာရှိတွေလည်း ညီလာခံကို တက်ရောက်ကြမှာပါ။

ဒေသတွင်းနိုင်ငံတွေ အနေနဲ့ စီးပွားရေး ပြန်လည် နာလန်ထူလာမယ့် အခြေအနေကနေ ချိန်ခွင်လျှာညီပြီး ရေရှည်ခံမယ့် ဖွံ့ဖြိုးမှုတွေအပေါ် ပြောင်းလဲ အာရုံစိုက်လာနေပြီ ဆိုတာကို ဒီညီလာခံက ပြသနေတယ်လို့လည်း တောင်ကိုရီးယား ဘဏ္ဍာရေး ၀န်ကြီးဌာနက ပြောပါတယ်။

ညီလာခံအတွင်း စီးပွားရေးဆိုင်ရာ မူဝါဒတွေမှာ ညှိနှိုင်းဆောင်ရွက်ကြဖို့နဲ့ ဘဏ္ဍာရေးအရ လုံခြုံမှု ရှိစေရေးအတွက် ထိရောက်တဲ့ ဒေသဆိုင်ရာ ကွန်ရက်တခု ထူထောင်ဖို့တွေကိုလည်း ဆွေးနွေးကြမှာပါ။

ဒီညီလာခံကိုတော့ အာဆီယံနဲ့ အိမ်နီးချင်း ၃ နိုင်ငံတို့အပြင် အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့က တာဝန်ရှိသူတွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG