သုံးရလွယ်ကူစေသည့် Link များ

နယ်မြေပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနဲ့ အငြင်းပွားနေကြတဲ့ ကိစ္စတွေဟာ မနက်ဖြန် မြန်မာနိုင်ငံမှာ စတင်ကျင်းပတော့မယ့် အရှေ့တောင် အာရှ နိုင်ငံများအသင်း (Asean) ရဲ့ ထိပ်သီး ဆွေးနွေးပွဲမှာ ထည့်သွင်းပြောဆို မှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်း တခုကို အမြန်ဆုံးရေးဆွဲနိုင်ဖို့ ဦးစားပေး ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း အာဆီယံအတွင်းရေးမှူးချုပ် Le Luong Minh ကပြောဆိုခဲ့တာပါ။

အာဆီယံအနေနဲ့ ဒေသတွင်းမှာ သြဇာကြီးမားတဲ့ တရုတ်နိုင်ငံနဲ့ ရင်ဆိုင်ရာမှာ အကဲစမ်းမှုတွေလို စိန်ခေါ်မှုတွေ ရှိနေပေမဲ့လည်း ရည်မှန်းထားတဲ့အတိုင်း အစီအစဉ်တွေကို အကောင်အထည် ဖော်နိုင်မယ်လို့ အပြည့်အ၀ယုံကြည် ထားတဲ့အကြောင်းလည်း သူက ပြောပါတယ်။

၂၀၁၅ ခုနှစ်မှာ အာဆီယံအသိုင်အ၀န်းတခု တည်ဆောက်ဖို့၊ စီးပွားရေး ၀န်းကျင်တခု ဖန်တီးဖို့ လိုအပ်တဲ့ အခြေခံတွေ အားလုံး ပြည့်စုံနေပြီ ဖြစ် တာကြောင့် အစီအစဉ်အတိုင်း အကောင်အထည်ဖော်နိုင်မှာ ဖြစ်တဲ့အကြောင်း အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း တရုတ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး သြဇာအရှိန်အ၀ါတွေနဲ့ မကင်းဘူးလို့ ယူဆနေကြတဲ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ညီလာခံမှာ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင် ပါ့မလား ဆိုတာကိုလည်း သံသယ ရှိနေကြပါတယ်။

ဒီသီတင်းပတ်ထဲမှာပဲ တရုတ်နိုင်ငံက ကမ်းလွန်ရေနံ တူးဖော်ရေး လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်လာရာက ဗီယက်နမ် နိုင်ငံနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ဖိလစ်ပိုင်နိုင်ငံက တရုတ်ငါးဖမ်းသင်္ဘောသားတွေကို ဖမ်းဆီးခဲ့တာတွေကြောင့်လည်း တင်းမာမှုတွေ ပေါ်ပေါက်နေတာပါ။
XS
SM
MD
LG