သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံလွှတ်တော် အတွေ့အကြုံ ဖလှယ်ရေး မြန်မာအမတ်များမျှော်လင့်


အာဆီယံပါလီမန်များညီလာခံ၊ စက်တင်ဘာ ၃၀-အောက်တိုဘာ၃၊ ၂၀၁၆
အာဆီယံပါလီမန်များညီလာခံ၊ စက်တင်ဘာ ၃၀-အောက်တိုဘာ၃၊ ၂၀၁၆

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံပါလီမန်များ အထွေထွေညီလာခံကနေ အတွေ့အကြုံရင့်ကျက်တဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေကလွှတ်တော် အတွေ့အကြုံတွေ ဖလှယ်နိုင်ပြီး အဖွဲ့ဝင်နိုင်ငံအချင်းချင်း လွှတ်တော်တွေ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုအားကောင်း လာဖို့ ယုံကြည်မျှော်လင့် တယ်လို့ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေက ပြောဆိုလိုက်ပါတယ်။ နေပြည်တော်မှာ မနေ့ကစလို့ အောက်တိုဘာ ၃ရက်နေ့အထိ လေးရက်တာ ကျင်းပနေတဲ့(၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ ဒီကနေ့မှာတော့ အာဆီယံဒေသတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ အခန်းကဏ္ဍတွေကို အဓိကဆွေးနွေးနေကြပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

အာဆီယံရဲ့ ပြည်သူကိုရှေးရှုတဲ့ လူထုဗဟိုပြုတဲ့ အသိုက်အဝန်းဖော်ဆောင်လာနိုင်အောင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ အကောင်းဆုံး ပုံဖော်နေတာက လွှတ်တော်ဆိုတဲ့ အဖွဲ့အစည်းတွေပဲဖြစ်ပြီး အာဆီယံ ပါလီမန်များ ညီလာခံရဲ့ ၂၀၁၆ခုနှစ် ဆောင်ပုဒ်ကတော့“အာဆီယံအသိုက်အဝန်း တိုးတက် ထွန်းကားရေး-အာဆီယံပါလီမန်များညီလာခံက တက်ကြွလှုပ်ရှားပေး” ပဲဖြစ်ပါတယ်။ ဒီညီလာခံကို အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် ဒီနှစ်မှာလက်ခံကျင်းပခွင့်ရတဲ့ မြန်မာနိုင်ငံမှာလည်း ပြည်သူက မဲပေးရွေးချယ်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးတွေကလည်း ပြည်သူ့ လိုလားချက် ဆန္ဒကို ထင်ဟပ်စေတဲ့ ပါလီမန်ဒီမိုကရေစီ လမ်းကြောင်းအပေါ်ကို အရပ်သားအစိုးရလက်ထက် မြန်မာနိုင်ငံမှာ လွှတ်တော်အခန်းကဏ္ဍကို ပြန်ပြီး ခြေချ လျောက်လှမ်းနိုင်အောင် ကြိုးပမ်းနေကြသလို အာဆီယံဒေသတွင်းမှာလည်း လူထုကိုအခြေပြုတဲ့ လူထုကိုအလေးထားတဲ့ လွှတ်တော်တွေဖြစ်ဖို့ဝိုင်းဝန်းကြိုးစားကြရမယ်ဆိုတာကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံပါလီမန်များညီလာခံအဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

စက်တင်ဘာလ ၃၀ရက်နေ့ကနေ အောက်တိုဘာလ ၃ရက်နေ့အထိကျင်းပမယ့် (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံမှာ အိမ်ရှင် မြန်မာနိုင်ငံရဲ့ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အာဆီယံပါလီမန်များညီလာခံ ဥက္ကဋ္ဌရာထူးနဲ့ တာဝန်ယူကျင်းပနေတာဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ(၁)ရက်နေ့မှာတော့ အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ ဒုတိယနေ့မှာ အာဆီယံဒေသတွင်းက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စတဲ့ အကြောင်းအရာတွေကို တက်ရောက်လာတဲ့ကိုယ်စားလှယ်တွေက ကဏ္ဍအလိုက် ဆွေးနွေးနေကြတယ်လို့ ကိုယ်တိုင ်တက်ရောက်နေတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“Group တွေခွဲထားတယ်၊ ဥပမာ Social Matter တွေရှိတယ်၊ Political Matter တွေရှိတယ်၊ Organization တွေရှိတယ်။ ဒီGroup ကို Matter အလိုက်အစည်းအဝေးတွေလုပ်ပြီးတော့ ခု အဲ့တာတွေ အကုန်လုံးကို စုပေါင်းဆွေးနွေးဖို့အတွက်အခုကို ထိုင်း Community အစည်းအဝေးတွေစလုပ်နေပြီ။ နိုင်ငံအတွက် အာဆီယံမှာ ပူးပေါင်းပါဝင်ဖို့ ဆိုတဲ့နေရာမှာ ထိထိရောက်ရောက်နဲ့ ထဲထဲဝင်ဝင်ဆောင်ရွက်ဖို့ လုပ်နေပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်သလို အာဆိယံရဲ့ အစီအစဉ်ကနေပြီးတော့ အာဆီယံနိုင်ငံအတွင်းမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ ညှိုနှိုင်းဆောင်ရွက်မှုတွေမှာ အားသစ်ဖို့၊ နိုင်ငံအတွင်းမှာ တည်ငြိမ်ရေးနဲ့ လုံခြုံရေးတွေ ရအောင် အဲ့ဒီကိစ္စရပ်တွေကို တော့ လုပ်ဆောင်ရတဲ့နေရာမှာ ထိုက်တန်တဲ့ ထောက်ခံမှု တခုအဖြစ် ရရှိသွားစေနိုင်တာပေါ့နော်၊“

အခုလို(၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံကို အိမ်ရှင်အဖြစ် မြန်မာနိုင်ငံက လက်ခံကျင်းပခွင့်ရတဲ့အပေါ် ဒီအထွေထွေညီလာခံကနေ အာဆီယံဒေသတွင်း နိုင်ငံတွေထဲက

လွှတ်တော် သက်တမ်းရင့်တဲ့ အတွေ့အကြုံရှိတဲ့ နိုင်ငံတွေက လွှတ်တော်အတွေ့အကြုံတွေ ဖလှယ်နိုင်ပြီး လွှတ်တော်အတွက် စိန်ခေါ်မှုတွေကို အဖွဲ့ဝင်နိုင်ငံအချင်းချင်း လွှတ်တော်တွေ ပူးပေါင်းဆောင်ရွက်

မှုတွေ ပိုအားကောင်းလာဖို့ လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ယုံကြည်မျှော်လင့်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်က သူ့အမြင် အခုလိုပြောပါတယ်။

“နိုင်ငံတွေထဲမှာကလေ ကျွန်တော်တို့နိုင်ငံကျတော့ ဒီအခုမှအစပဲရှိသေးတာ။ ဒီလွှတ်တော် နိင်ငံရေးကလေ ..သိလား။ ဒါပေမယ့် အာဆီယံနိုင်ငံထဲမှာ လွှတ်တော်နိုင်ငံရေးကို တကယ့်ကို အချိန်အတော်ကြာဖြတ်သန်းပြီးတဲ့ နိုင်ငံတွေရှိတယ်။ အဲ့ဒီတော့ တကယ်လို့များ အဲ့ဒီလို Exchange သဘောမျိုးလေးတွေပေါ့၊ အပြန်အလှန် လေ့လာတာတွေ၊ ဆွေးနွေးတာတွေ၊ အဲ့ တာမျိုးတွေရှိမယ်ဆိုရင်တော့ ဒီဘက်က လွှတ်တော် ကိုယ်စားလှယ်တွေ အတွက်ရော၊လွှတ်တော်တွေ အားကောင်းဖို့အတွက်ရော နောက်ပြီးတော့ လွှတ်တော်တွေ အားကောင်းတဲ့အခါ ဒီမိုကရေစီစနစ် အသက်ဝင်ဖို့ပါ အများကြီး အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်“

ဒီ(၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံကနေ အာဆီယံ ပါလီမန်များ ညီလာခံအဖွဲ့ဝင် လွှတ်တော်များ၏ ပူးပေါင်း ဆောင်ရွက်မှု၊အာဆီယံဒေသတွင်းရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ့်နည်းလမ်းတွေကို ဆွေးနွေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကလည်း ညီလာခံဂုဏ်ပြုညစာစားပွဲမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒီဆွေးနွေးမှုရလဒ်တွေကနေ ညီလာခံရဲ့ နောက်ဆက်တွဲ ပူးပေါင်းဆောင်ရွက်မှုတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ကလည်း အရေးကြီးတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကိုနေဘုန်းလတ်က သုံးသပ်ပါတယ်။

“အဓိကတော့ စနစ်ကိုအသေအချာနားမလည်သေးတာပါ။ အခုမှ လွှတ်တော်ထဲကိုရောက်လာတဲ့သူတွေ၊ နောက်ပြီး အစိုးရအဖွဲ့ဆိုရင်လည်း အခုမှာ အစိုးရအဖွဲ့ ဖြစ်တဲ့လူတွေ၊ ဒီတော့ ဒီမိုကရေစီရဲ့ သဘောတရားတွေ၊ လွှတ်တော်ရဲ့ သဘောတရားတွေ သိပ်ပြီးတော့ နားမလည်ကြသေးဘူးပေါ့၊ အဲ့လိုပဲမြင်တယ်။ အဲ့တော့ ပြောချင်တာကတော့ အသားကျပြီးသား နိုင်ငံတွေက ဒါတွေကို ကောင်းကောင်းရှင်းပြနိုင်ရင် ဒီဘက်မှာလည်း ပိုပြီးတော့ လွှတ်တော်တွေ အားကောင်းမယ်။ နိုင်ငံတကာမှာ ဘယ်လိုရှိတယ်၊ ဘယ်ညာရှိတယ်ဆိုတာမျိုးတွေသာ များများလေး Sharing လုပ်နိုင်မယ်ဆိုရင်၊ ပြောနိုင်ဆိုနိုင်ကြမယ်ဆိုရင် အဲ့ဒီအမြင်မျိုးတွေ ပိုပြီးတော့ ပြောင်းလာမယ်။ ဒီကိုလာပြီးတော့ သူတို့ရဲ့အတွေ့အကြုံကို ဖလှယ်ခိုင်းတာမျိုး၊ ဒီက လွှတ်တော်ကိုယ်စားလှယ်တွေအုပ်စုလိုက်သွားပြီးတော့ ဟိုက အာဆီယံ နိုင်ငံတွေက လွှတ်တော်တွေမှာ လေ့လာတာမျိုး၊ လွှတ်တော်ရဲ့လုပ်ငန်းစဉ်တွေလေ့လာတာမျိုး၊ ဒါမျိုးလေးတွေလုပ်ပေးနိုင်ရင် ဒါ မဆိုးဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှုနဲ့ သွားတဲ့အခါမှာ ဒီလိုအခွင့်အရေးတွေက အများကြီး။ နောက်ပိုင်းလည်း ရလာဖို့ ရှိပါတယ်။ ဒါပေမယ့် ကောင်းကောင်း Absorb လုပ်နိုင်ဖို့တော့လိုတာပေါ့နော်။ နောက်ဆက်တွဲလုပ်ငန်းစဉ်တွေနဲ့ ရလဒ်တွေ ထွက်လာအောင်တော့ ဆက်ပြီးတော့ ကျိုးစားရဦးမယ်ထင်တယ်။ Action Plan လေးတွေပါ ဆွဲနိုင်ရင် ပိုပြီးထိရောက်မယ်လို့ထင်ပါတယ် “

အာဆီယံ ပါလီမန်များ ညီလာခံကို ၁၉၇၅ ခုနှစ် ကစလို့ အင်ဒိုနီးရှားနိုင်ငံမှာ စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက (၂၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ ညီလာခံမှာတော့ လေ့လာသူအဖြစ် စတင် တက်ရောက်ခဲ့ပါတယ်။၂၀၁၁ ခုနှစ် ကျင်းပတဲ့ (၃၂) ကြိမ်မြောက် အစည်းအဝေးမှာတော့မြန်မာနိုင်ငံဟာ တင်းပြည့် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ခဲ့ပြီး ဒီနှစ် ၂၀၁၆ ခုနှစ်မှာတော့ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့တာလည်းဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG