သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအသိုက်အဝန်း တည်ဆောက်မှု ၈၀ရာခိုင်နှုန်းပြီးစီး


အာဆီယံ ညီလာခံ နေပြည်တော်မှာ ဖွင့်လှစ်စဉ်၊ နိုဝင်ဘာလ ၁၂၊ ၂၀၁၄
အာဆီယံ ညီလာခံ နေပြည်တော်မှာ ဖွင့်လှစ်စဉ်၊ နိုဝင်ဘာလ ၁၂၊ ၂၀၁၄

အာဆီယံ အသိုက်အဝန်း ထူထောင်ရေးမှာ ၈၀ ရာခိုင်နှုန်းခန့် အကောင်အထည်ဖော်မှာ ဖြစ်ပေမဲ့ ၂၀၁၅ ခုနှစ်အလွန်မှာတော့ သဘာဝဘေးဒဏ်၊ ကမ္ဘာ့စီးပွားရေး မရေရာမှု၊ အီဘိုလာလို ကူးစက်ရောဂါတွေနဲ့ အစွန်းရောက် အကြမ်းဖက်မှုတွေ စတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားရဦးမှာ ဖြစ်တယ်လို့ အာဆီယံ အလှည့်ကျဥက္ကဌ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်ပါတယ်။

အာဆီယံ နိုင်ငံတွေကြား ဖွံ့ဖြိုးမှုနဲ့ ဆင်းရဲမွဲတေမှု လျော့ပါးရေး သဟဇာတ မျှတအောင် ကြိုးစားကြဖို့ကိုလည်း သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။ အာဆီယံထိပ်သီး အစည်းအဝေး ပထမနေ့အကြောင်း ကိုယ်တိုင်သတင်းယူနေတဲ့ ဒေါ်ခင်စိုးဝင်းက နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။

၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်က ၂၀၁၅ ခုနှစ်အလွန်မှာ အာဆီယံ အသင်းကြီးအနေနဲ့ ရင်ဆိုင်ရမယ့် စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့အဖွင့်မိန့်ခွန်းမှာ ပြောဆိုသွားခဲ့ပါတယ်။
“အာဆီယံအနေနဲ့ အာဆီယံအသိုင်းအဝိုင်း ၃ ရပ်ရဲ့ လမ်းပြမြေပုံများကို အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းများဟာလည်း ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပေမဲ့လည်း ကျန်ရှိနေသေးတဲ့ ၂၀ ရာခိုင်နှုန်း အကောင်အထည်ဖော်ရေးဟာ အဓိက စိန်ခေါ်မှုတရပ် ဖြစ်နေပါတယ်။ ၂၀၁၅ ခုနှစ် အလွန်ကာလမှာ ပေါ်ထွက်လာမယ့် အာဆီယံအသိုင်းအဝိုင်းအနေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ့် ကိစ္စတွေဟာလည်း စိန်ခေါ်မှုများအဖြစ် ကျန်ရှိနေမှာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေပေါ် သက်ရောက်တဲ့ သဘာဝဘေးအန္တရာယ်များနဲ့ ပြင်ပဘေးအချို့ဖြစ်တဲ့ ကမ္ဘာ့စီးပွားရေး မရေရာမှုတွေအပြင် အီဘိုလာရောဂါလို ကူးစက်ရောဂါများနဲ့ အကြမ်းဖက်နဲ့ အစွန်းရောက်ဝါဒ အစရှိတဲ့ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ကျော်လွှားကြရမှာ ဖြစ်ပါတယ်။”

၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ မျှော်မှန်းထားတဲ့ အာဆီယံလူ့ဘောင် အသိုက်အဝန်း ထူထောင်ရေး အခြေအနေ အပေါ်မှာတော့ သမ္မတ ဦးသိန်းစိန်က အခုလို သုံးသပ်လိုက်ပါတယ်။
“အာဆီယံရဲ့ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းပြီး ရင်ဆိုင်လာရမယ့် စိန်ခေါ်မှုတွေကို စည်းလုံးညီညွတ်စွာ တွန်းလှန်နိုင်မယ့် စွမ်းရည်ကို စဉ်ဆက်မပြတ် ထူထောင်ရန် လိုအပ်တယ် ဆိုတာကတော့ အလေးအနက် ပြောကြားလိုပါတယ်။ ဒါ့ကြောင့် အာဆီယံ အနေနဲ့ အောင်မြင်တိုးတက်မှုတွေ ရရှိခဲ့ပေမဲ့၊ ဒီအောင်မြင်မှုများအပေါ် ရောင့်ရဲမနေသင့်ပါဘူး။ ၂၀၁၅ ခုနှစ်မှာ အာဆီယံ အသိုက်အဝန်း ပေါ်ထွန်းလာခြင်းဟာ အာဆီယံအတွက် အဆင့်သစ်တခုကို တက်လှမ်းလိုက်တာဖြစ်ပြီး ပိုမိုစည်းလုံးညီညွတ်စွာ ပေါင်းစည်းရုံး အဖွဲ့အစည်းရဲ့ လည်ပတ်မှု ပိုမိုထိရောက်မှု ရှိစေရေး၊ ပူးပေါင်းညှိနှိုင်းမှု ပိုမိုအားကောင်းစေရေး၊ ပိုမိုသက်လုံကောင်းပြီး ယှဉ်ပြိုင်နိုင်စွမ်းမြင့်တဲ့ အသိုက်အဝန်းတရပ် အနေနဲ့ ဆက်လက်တည်ရှိနိုင်ဖို့ ဆက်လက်ကြိုးပမ်း အားထုတ်ကြရမှာ ဖြစ်ပါတယ်။”

အာဆီယံ စီးပွားရေး အသိုက်အဝန်း ထူထောင်ရေးမှာ အဟန့်အတား ဖြစ်လာနိုင်တဲ့ အာဆီယံ နိုင်ငံတွေကြား ဖွံ့ဖြိုးမှုနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေး ချိန်ခွင်လျှာညှိဖို့အတွက် လုပ်သင့်တယ်လို့လည်း သမ္မတဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။ အငြိမ်းစား မြန်မာသံတမန်တဦးဖြစ်သူ ဦးသက်ဝင်း ကတော့ အာဆီယံ နိုင်ငံတွေအကြား မြန်မာနိုင်ငံရဲ့ စိန်ခေါ်အကဲစမ်းမှုတွေနဲ့အတူ လူငယ်တွေရဲ့ အခမ်းကဏ္ဍနဲ့ ပတ်သက်လို့ အခုလို မှတ်ချက်ပေးပါတယ်။
“ကျနော်တို့ ပြည်သူတွေကို ကြည့်မယ်ဆိုရင် အခု Voice of America လည်း မြင်မှာပါ။ ဘာတွေ့လည်းဆိုတော့ ကျနော်တို့ ပြည်သူလူထုက ရပ်လို့မရတော့ဘူး၊ တကယ်ကို သွားချင်နေကြပြီ။ Especially, emerging economies တွေကို လိုက်မှီဖို့အတွက် ကြိုးစားနေတဲ့ ကလေးတွေပဲ၊ လူငယ်လေးတွေပဲ။ အဲဒီလူငယ်လေးတွေကတော့ ဒီ Challenges တွေကို သူတို့တွေ ကျနော်ထင်တယ်၊ သူတို့တွေ လုပ်သွားကြလိမ့်မယ်၊ သူတို့တွေ ကြိုးစားပြီး ပူးပေါင်းပါဝင်ပါလိမ့်မယ်။ သူတို့တွေ မပါလို့လည်း မရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကလေးတွေက၊ အခုတက်သစ်စ ကလေးတွေက သူတို့တွေသာ လုပ်သွားလိမ့်မယ်လို့ ကျနော်တော့ အဲဒီလိုမြင်တယ်။”

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကတော့ မနေ့က အစည်းအဝေးမှာ ACMP လို့ခေါ်တဲ့ အာဆီယံ ဆက်သွယ်ရေး ပင်မအစီအစဉ်တရပ်ကို မူဘောင်တွေ ချမှတ်နိုင်ခဲ့တဲ့အကြောင်း အခွင့်အလန်းတွေအားလုံး အာဆီယံ ပြည်သူတွေအကြား သာတူညီမျှ ခံစားနိုင်ရေးကို ရည်ရွယ်တယ်လို့ အာဆီယံရဲ့ သတင်းကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG