သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အကြီးအကဲ မြန်မာနိုင်ငံရောက်


အာဆီယံ အကြီးအကဲ မြန်မာနိုင်ငံရောက်
အာဆီယံ အကြီးအကဲ မြန်မာနိုင်ငံရောက်

အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်းပစ်ဆူဝမ် မြန်မာနိုင်ငံကို ဒီကနေ့ ရောက်လာတဲ့ တချိန်တည်းမှာပဲ အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ အများ ယုံကြည် လက်ခံနိုင်လောက်ပြီး ပွင့်လင်းမြင်သာတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပေါ်လာအောင် အားပေးသင့်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ (AIPMC) က တိုက်တွန်းလိုက်ပါတယ်။ မြန်မာအစိုးရက ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ လူ့အခွင့်အရေးတွေ နဲ့ပတ်သက်ပြီး တိုးတက်မှု နှေးကွေးနေတာဟာ စိုးရိမ်စရာ ဖြစ်နေတုန်းပဲလို့ ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ စုံစမ်းမေးမြန်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ မြန်မာအစိုးရက ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ သေချာ အခိုင်အမာ ဖြစ်လာနိုင်ဖို့အတွက် အကူအညီပေးသင့်တယ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (AIPMC) အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Agung Putri Astrid က ပြောလိုက်ပါတယ်။

“ဒေါက်တာ ဆူရင်းပစ်ဆူဝမ် အနေနဲ့ မြန်မာနိုင်ငံမှာ အများ ယုံကြည် လက်ခံနိုင်လောက်ပြီး ပွင့်လင်း မြင်သာတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပေါ်လာအောင် အားပေးသင့်ပါတယ်။ မစ္စတာ ဆူရင်း မြန်မာနိုင်ငံကို သွားရောက်တာဟာ အာဆီယံဥက္ကဋ္ဌ တစ်ယောက် ဖြစ်တဲ့ သူ့အတွက်တော့ အလွန်ကို အရေးပါတဲ့ အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သတ်နေတဲ့ သူတွေ အားလုံးနဲ့ ကျိန်းသေ ဆွေးနွေးနိုင်ဖို့အပြင် အာဆီယံအဖွဲ့ရဲ့ အခန်းကဏ္ဍကိုလည်း အပြည့်အ၀ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ အပြည့်အ၀ ဖြစ်လာဖို့အတွက် အသွင်ကူးပြောင်းမှုတွေ တိုးတက်လာဖို့အတွက် အစိုးရကိုလည်း အကူအညီ ပေးသွားလိုပါတယ်။”

အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာ ခရီးအဖြစ်နဲ့ ဒီကနေ့မှာ စတင် ရောက်လာတာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ် တိုးတက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာဖို့အတွက် ဖိတ်ကြားချက်နဲ့ အခုလို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ အစိုးရသစ်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ် ဆိုပေမဲ့လည်း တဘက်မှာလည်း မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ စိုးရိမ်နေရဆဲဖြစ်ကြောင်း မစ္စ် Agung Putri Astrid က ပြောပါတယ်။

“လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေ အပေါ်မှာ ကျမတို့ အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မူဝါဒတွေဟာ သိပ်ပြီးတော့ ခိုင်မာမှုမရှိတဲ့ မူဝါဒတွေ အပေါ်မှာ တည်ဆောက်ထားတယ် ဆိုတာကိုလည်း ကျမတို့အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာ ခိုင်မာတည်ငြိမ်တဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို ကျမတို့ မတွေ့ရပါဘူး။ အစိုးရတွင်းမှာရော ပါလီမန်အတွင်းမှာရော ၊ တခြား တနိုင်ငံလုံးမှာ ရှိတဲ့ အဖွဲ့အစည်းတွေမှာပါ မတွေ့ရသေးပါဘူး။ နိုင်ငံရေးမှာရော စီးပွားရေးမှာပါ တကယ်တမ်း အပြောင်းအလဲကို ဖော်ဆောင်ချင်တယ် ဆိုရင်တော့ ဒီမိုကရေစီစနစ်ကို အခိုင်အမာ တည်ဆောက်ဖို့ လိုပါတယ်။ ဒါကြောင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကလွဲပြီး ကျန်တဲ့ကိစ္စတွေမှာတော့ အာဆီယံအဖွဲ့ဟာ စိုးရိမ်မှုတွေ ရှိနေတုန်းပဲ ဖြစ်ပါတယ်။”

မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ပြီး ငြိမ်းချမ်းရေး အတွက် ဆွေးနွေး ပြောဆိုတာတွေ ရှိနေပေမဲလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာ အဲဒီကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်ပြီး ကျူးလွန်တာတွေ ဖြစ်စေတယ်လို့ သူမက ပြောပါတယ်။

“မြန်မာအစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား ငြိမ်းချမ်းရေး ပြောဆိုဆွေးနွေး နေတာတွေဟာ အတော်လေးကို မြန်မြန်ဆန်ဆန်နဲ့ ဖြစ်နေတာကို ကျမတို့ တွေ့နေပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း အဲဒီလို ဆွေးနွေးပြောဆိုတာဟာ တဘက်နဲ့ တဘက် အပြန်အလှန် သဘောတူညီမှုတွေ မရတာတွေကိုလည်း ကျမတို့ တွေ့နေရပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို ဖော်ဆောင်တဲ့နေရာမှာ အစိုးရဘက်မှာလည်း ပွင့်လင်းမြင်သာမှု မရှိသလို ဘယ်လိုပုံစံမျိုးနဲ့ လုပ်မယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ အခြေခံမူ မရှိတာကိုလည်း တွေ့ရပါတယ်။ မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသား ပြဿနာနဲ့ ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းဆောင်ရွက်မယ့် နည်းလမ်းတွေလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီတိုင်းရင်းသားအရေး ကိစ္စက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်စပ်နေလို့ ဖြစ်ပါတယ်။”

အာဆီယံအတွင်းရေးမှူးချုပ်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း မြန်မာအစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံသွားဖို့ရှိသလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံသွားဖို့ ရှိနေပါတယ်။ မြန်မာအစိုးရနဲ့ တွေ့ဆုံဆွေးနွေးစဉ်အတွင်းမှာ လာမယ့် ၂၀၁၄ ခုနှစ် ကျရင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့်ကိစ္စကို ဆွေးနွေးတဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ပဋိညာဉ်ကို လိုက်နာပြီး အဖွဲ့ရဲ့ ဂုဏ်ကို ဆောင်နိုင်ဖို့ ဆွေးနွေးသွားဖို့ လိုတယ်လို့လည်း AIPMC က တိုက်တွန်းပါတယ်။ မစ္စတာ ဆူရင်း အနေနဲ့ သူ့ရဲ့ ဒီခရီးစဉ်အတွင်းမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မယ့်ကိစ္စအပြင် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အားကစားပွဲကိစ္စ နဲ့ပတ်သက်ပြီးတော့ ဆွေးနွေး ပြောဆိုသွားဖို့ ရှိတယ်လို့ ပြောပါတယ်။

XS
SM
MD
LG