မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်မှာ အရှေ့တောင်အာရှ နိုင်ငံများ အသင်းကြီး အာဆီယံ (ASEAN) နှစ်ပတ်လည် ညီလာခံကြီး လက်ခံ ကျင်းပနိုင်ဖို့အတွက် ပြင်ဆင်စရာတွေ အများကြီး လိုအပ်နေသေးတယ် လို့ အာဆီယံအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်ပါတယ်။
မြန်မာအစိုးရ အနေနဲ့ အာဆီယံ အသင်းကြီးရဲ့ ဥက္ကဋ္ဌရာထူးကို အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ဖို့ အတွက် ဆိုရင် ကြားကာလ ၂ နှစ် အချိန်ကာလအတွင်း လုပ်ဆောင်ပြဖို့ ကိစ္စတွေ အများအပြား လိုအပ်နေသေးတယ်လို့ မြန်မာပြည်ကို ၅ ရက်ခရီး သွားရောက်ပြီး ပြန်လာတဲ့ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ်က ဘန်ကောက်မြို့မှာ အခုလို ထုတ်ဖော် ပြောဆိုလိုက်တာပါ။
မြန်မာနိုင်ငံအနေနဲ့ ၁၉၉၇ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင် နိုင်ငံ ဖြစ်လာပြီးတဲ့နောက်ပိုင်း ပထမဦးဆုံးအကြိမ် အဖြစ် ၂၀၁၄ ခုနှစ်ကျရင် အသင်းကြီးရဲ့ ဥက္ကဋ္ဌတာဝန်နဲ့ နှစ်ပတ်လည် ညီလာခံတွေ လက်ခံကျင်းပဖို့အတွက် အသင်းကြီးက ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ လက်ခံ သဘောတူခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် အာဆီယံညီလာခံ မကျင်းပခင် လမ်းတွေ၊ တယ်လီဖုန်း ဆက်သွယ်ရေးစနစ်၊ ဟိုတယ်တွေ နဲ့ ကောင်းမွန်တဲ့ အင်တာနက်စနစ် စတာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့လိုနေတယ်လို့ ပြောပါတယ်။ ဒါတွေရှိမှသာ နိုင်ငံခေါင်းဆောင်တွေ၊ လာရောက်မယ့် ကိုယ်စားလှယ်တွေနဲ့ သတင်းသမားတွေကို အဆင်ပြေအောင် ဆွဲဆောင်နိုင်မှု ရှိလိမ့်မယ်လို့ မစ္စတာ ဆူရင်းက ပြောပါတယ်။
နောက်ပြီး မြန်မာပြည်မှာ ငွေရေးကြေးရေး စနစ်နဲ့ ပတ်သက်တဲ့ ပြုပြင် ပြောင်းလဲမှုတွေလည်း လုပ်ဖို့ လိုနေသေးတယ်လို့ ပြောပါတယ်။ နိုင်ငံတကာဆိုင်ရာ အရေးကြီးတဲ့ ညီလာခံတစ်ခု ဖြစ်မြောက်ဖို့အတွက် လုပ်ဆောင်ရာမှာ ငွေစက္ကူ အသုံးပြုတဲ့စနစ်နဲ့ ကျင်းပဖို့ မရနိုင်ဘူးလို့ မစ္စတာ ဆူရင်းပစ်ဆူဝမ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စီးပွားရေး အရေးယူပိတ်ဆို့မှုတွေ ရှိနေပြီး အကြွေးဝယ်ကဒ်တွေနဲ့ မြန်မာနိုင်ငံမှာ ဈေးဝယ်ဖို့ ခက်ခဲမှုတွေ ရှိသလို ATM ငွေထုတ်စက် ဆိုတာလည်း မပြောပလောက်အောင်ပဲ ရှိနေသေးတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး သမ္မတဦးသိန်းစိန်ရဲ့ အရပ်သားအစိုးရက ပြုပြင် ပြောင်းလဲမှုတွေ စတင် ပြုလုပ်လာပြီးတဲ့နောက်မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူနိုင်ဖို့အတွက် အသင်းကြီးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။