သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံညီလာခံအတွေ့အကြုံ ဒေါ်အောင်ဆန်းစုကြည်ကျေနပ်

Hindistan - Allahabad, Hinduların "Kumbh Mela" mərasimi

Hindistan - Allahabad, Hinduların "Kumbh Mela" mərasimi

လာအိုနိုင်ငံ ဗီယမ်ကျန်းမြို့မှာပြုလုပ်တဲ့ ၄၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အတွေ့အကြုံအပေါ် ကျေနပ်မှုရှိတဲ့အကြောင်း ပြောဆို လိုက်ပါတယ်။

ဒီအစည်းအဝေးကနေ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ ရပ်တည်ချက်နဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားတွေကိုလည်း လေ့လာနိုင်ခဲ့ တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံကို ပြန်လည်မထွက်ခွာခင် ဗီယမ်ကျန်းမြို့မှာပြုလုပ်တဲ့ မြန်မာ သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး မနန္ဒာချမ်း က တင်ပြထားပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က - သူ့ရဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ ပထမဦးဆုံးအကြိမ် တက်ရောက်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ - ရရှိခဲ့တဲ့ အတွေ့အကြုံတွေအပေါ် ကျေနပ်မှုရှိပြီး - တော်တော်များများ လေ့လာသင်ယူနိုင်ခဲ့တယ်လို့ ပြောဆို လိုက်ပါတယ်။

“ကျေနပ်ပါတယ်။ ဒါ ပထမဆုံး အစည်းအဝေးဆိုတော့ ကိုယ်က သင်ယူရမှာပေ့ါ။ တကယ်ဆိုလို့ရှိရင် အန်တီတို့အဖွဲ့က အများကြီး အန်တီ့ကို သင်ပြတယ်။ ဒီသွားရမယ်၊ ဒါ လုပ်ရမယ်၊ ဒီလိုလုပ်ရမယ်ဆိုတာ နိုင်ငံခြားရေးရုံးက အန်တီတို့အဖွဲ့က ကျွမ်းကျင်နေပြီ။ အန်တီက ကျွမ်းကျင်တာမှ မဟုတ်ဘဲ။ ကိုယ်မကျွမ်းကျင်တဲ့အချိန်မှာ သင်ယူဖို့ပဲရှိတာပေါ့။”

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို သတင်းယူဖို့ ရောက်နေတဲ့ မြန်မာစာနယ်ဇင်း သတင်းထောက်တွေနဲ့ အင်္ဂါနေ့ညက ဗီယမ်ကျန်းမြို့ရှိ မြန်မာသံအမတ်ကြီးနေအိမ်မှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို ပြောကြားခဲ့တာပါ။ ဒါ့အပြင် အာဆီယံရဲ့ ရပ်တည်ချက်နဲ့ အဖွဲ့ဝင်နိုင်ငံ တွေရဲ့ သဘောထားတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လေ့လာခွင့်ရခဲ့ပြီး - နိုင်ငံအချင်းချင်းကြား တန်းတူညီမျှမှုရှိတဲ့ မိတ်ဆွေတွေဖြစ်ဖို့ ဒေါ်အောင် ဆန်းစုကြည်က အလေးထား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

“စိတ်ဝင်စားဆုံးကတော့ အာဆီယံရဲ့ရပ်တည်ချက်ပေါ့နော်။ အာဆီယံကနေ အဖွဲ့အစည်းတခုအနေနဲ့ ဘယ်လိုရပ်တည်တယ်။ ဘယ်လောက် အတိုင်းအတာတခုအထိ တသံတည်းထွက်သလဲ။ ဒါဆိုတာ အခုမှ အန်တီကစပြီး လေ့လာရတာပေါ့။ နောက်ပြီးတော့လည်း အာဆီယံအတွင်းမှာ ဘယ်နိုင်ငံက ဘယ်လိုပုံစံနဲ့ ရပ်တည်သလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီလိုအစည်းအဝေးမှာ ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီး သွားတဲ့အခါ အားလုံးကို ညီညီမျှမျှ တန်းတူရည်တူ မိတ်ဆွေတွေလိုပဲ ဆက်ဆံရတယ်။ ဒီကိစ္စကလည်း အန်တီပြောခဲ့ပါတယ်။ Friend and Equal ဆိုတာ မိတ်ဆွေလည်းဖြစ်ရမယ်၊ တန်းတူညီမျှမှုလည်း ရှိရမယ်။ ဒါမှ အတူတူပူးပေါင်းပြီးတော့ ဆောင်ရွက်နိုင်မှာ။ ငါကတော့ ဗိုလ်လုပ်မယ်ဟေ့ဆိုပြီးတော့ တက်လာတဲ့သူတွေကတော့ အဆင်ပြေမယ်လို့ မထင်ပါဘူး။”

ဒေသတွင်းမှာ အငြင်းပွားမှာစရာဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့လည်း - သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပြီး အင်အားသုံး ခြိမ်းခြောက်တာကို ရှောင်ကြဉ်ဖို့၊ တရုတ်နိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ဆက်ပြီး လက်တွဲ လုပ်ဆောင်သွားမယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်သဘောထားကို - အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသွားခဲ့ပါတယ်။

ဗီယမ်ကျန်းမြို့မှာ ၄ ရက်ကြာ ကျင်းပခဲ့တဲ့ ၄၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ ARF အာဆီယံဒေသတွင်းညီလာခံ၊ EAS အရှေ့အာရှထိပ်သီးညီလာခံ၊ မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများ ညီလာခံတွေအတွင်း - သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop၊ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ကြပြီး - တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ အစည်းအဝေးဘေးပန်းမှာ တွေ့ဆုံစဉ် - တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့သလို၊ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် - ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့ တွေ့ဆုံချိန်မှာလည်း - လက်ရှိ ၂ နိုင်ငံကြား ဆက်ဆံရေးနဲ့ လက်တွေ့မှာ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတာပါ။

တချိန်တည်းမှာပဲ - စက်တင်ဘာလမှာကျင်းပမယ့် သြစတြေးလျ-အာဆီယံခေါင်းဆောင်များ ထိပ်သီးညီလာခံမတိုင်ခင် အကြိုပြုလုပ်တဲ့ အာဆီယံ-သြစတြေးလျ ဝန်ကြီးများအစည်းအဝေးမှာ - မြန်မာနိုင်ငံအနေနဲ့ အလှည့်ကျပူးတွဲ သဘာပတိအဖြစ် တာဝန်ယူရတာလည်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပူးတွဲ သဘာပတိလုပ်ခဲ့တဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီ ဘစ်ရှော့ (Julie Bishop) က အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ -

“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်တွေကိုလည်း ထမ်းဆောင်ခွင့်ရတဲ့အတွက် ချီးကျုးလိုကြောင်းနဲ့ နိုင်ငံရေး အသွင်ကူး ပြောင်းမှုတွေ ချောချောမွေ့မွေ့ ဖြစ်ခဲ့တာကိုလည်း ကြိုဆိုကြောင်းအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာတာဝန်ရှိသူတွေနဲ့ လက်တွဲ အလုပ်လုပ်ဖို့ မျှော်လင့်ကြောင်း” - တွေကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများညီလာခံအပြီး - တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း - အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း - “အစည်းအဝေးတွေ တခုပြီးတခု တက်နေရတဲ့ အချိန်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ရုတ်တရက်တွေ့ဆုံဖို့ အခွင့်မသာခဲ့ပေမဲ့ မဲခေါင်မြစ်အောက်ပိုင်း နိုင်ငံများ ညီလာခံကို ပထမဆုံးအကြိမ် တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခွင့်ရခဲ့တဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံးဖြစ်ပြီး၊ သူ့အတွက်တော့ နောက်ဆုံးဖြစ်မယ့် ညီလာခံကို တက်ရောက်လာချိန် မှာ အချိန်အတော်ကြာကတည်းက ရင်းနှီးလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အံ့မခန်းစွမ်းဆောင်ရည်ကို စောင့်ကြည့်လာတဲ့ သူတဦးအနေနဲ့ ဝမ်းမြောက်ကြောင်းနဲ့ အာဆီယံနဲ့ သာမက တခြားပုံစံတွေနဲ့ပါ အတူတကွ လက်တွဲပြီး တိုးတက်မှုတွေလုပ်နိုင်မယ့်အတွက် ကျေနပ်မှုရှိတဲ့အကြောင်း” - တွေကို ပြောကြားသွားခဲ့ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ၄ ရက်ကြာခရီးစဉ်ကို အဆုံးသတ်ပြီး ဇူလိုင်လ ၂၇ ရက်နေ့ အင်္ဂါနေ့က ရန်ကုန်ကို ပြန်ရောက်ခဲ့ပြီ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG