သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားပြန်လည်သင့်မြတ်ရေး ခြေလှမ်းစဖို့ အာဆီယံနဲ့ကုလ တိုက်တွန်း


(၁၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ ကျင်းပနေစဉ် (အောက်တိုဘာ ၂၈၊ ၂၀၁၀)
(၁၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ ကျင်းပနေစဉ် (အောက်တိုဘာ ၂၈၊ ၂၀၁၀)

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်းအားဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ခြေလှမ်းစဖို့ ကုလသမဂ္ဂနဲ့ အာဆီယံ ခေါင်းဆောင်တွေက မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ ကျင်းပနေတဲ့ အာဆီယံ အစည်းအဝေးအတွင်း ဒီနေ့မှာတော့ အာဆီယံခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်တို့ တွေ့ဆုံပြီး ဒေသတွင်းကိစ္စတွေအပြင် မြန်မာနိုင်ငံအရေးကိစ္စကိုလည်း ဆွေးနွေးသွားတာပါ။ စုံစမ်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ဒေသအတွင်းရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ အာဆီယံ အစည်းအဝေးကိုလည်း တတ်ရောက်ပြီး အာဆီယံ ခေါင်းဆောင်တွေနဲ့ တချိန်တည်းမှာ တစုတစည်းတည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာအပါအဝင် အာဆီယံခေါင်းဆောင်တွေနဲ့ သူ ဆွေးနွေးရာမှာ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေတွေအပေါ် သူ့ရဲ့ စိုးရိမ်မှုတွေကို ပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဖို့ မြန်မာအစိုးရအတွက် အချိန်မနှောင်းသေးဘူးဆိုတာ သူရော အာဆီယံ ခေါင်းဆောင်တွေကြားမှာ တသဘောတည်း ရှိနေတယ်လို့ မစ္စတာဘန်ကီမွန်းက ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းမှာ အများက ယုံကြည်လက်ခံနိုင်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လိုအပ်နေတယ် ဆိုတာကို အာဆီယံနဲ့ ကုလသမဂ္ဂက သဘောတူခဲ့ကြပါတယ်။ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးခြင်းအားဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းစ ရှာဖွေဖို့ မြန်မာအစိုးရအနေနဲ့ နောက်မကျသေးပါဘူး။”

အတွင်းရေးမှူးချုပ်နဲ့ အာဆီယံခေါင်းဆောင်တွေဟာ လာမယ့် မြန်မာရွေးကောက်ပွဲကို အားလုံး လက်ခံယုံကြည်နိုင်တဲ့ အခြေအနေ ဖြစ်အောင် လုပ်ဖို့ မြန်မာအစိုးရကို တွန်းအားပေးနေသလိုပဲ တချိန်တည်းမှာပဲ ရွေးကောက်ပွဲအလွန် အခြေအနေကိုလည်း ထည့်တွက် ဆွေးနွေးခဲ့ကြပုံ ရပါတယ်။ ရွေးကောက်ပွဲနောက်ပိုင်း အပြောင်းအလဲတွေ လုပ်နိုင်တဲ့ အခွင့်အလမ်းကို ဆုပ်ကိုင်မိဖို့ လိုတယ်လို့ မစ္စတာဘန်က မြန်မာအာဏာပိုင်တွေကို သတိပေးပါတယ်။

“ရွေးကောက်ပွဲနောက်ပိုင်း အခြေအနေက အထူးသဖြင့် အင်မတန် အရေးကြီးပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ အပြောင်းအလဲတရပ် လုပ်သွားမယ်ဆိုတာ မြင်သာအောင်ပြဖို့ အခွင့်အလမ်းတရပ် ရှိပါတယ်။”

မနေ့က အာဆီယံ ထိပ်သီးခေါင်းဆောင်တွေ ဆွေးနွေးအပြီး အာဆီယံအလှည့်ကျ ဥက္ကဌရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံမှာ လုပ်မယ့် ရွေးကောက်ပွဲကို လွတ်လပ်မျှတမှုရှိဖို့၊ အစုအဖွဲ့ အားလုံးပါဝင်နိုင်ဖို့၊ အာဆီယံအနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း ဖော်ပြသလို မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး အရေးပါမှုကို အလေးပေး ထောက်ပြခဲ့ကြပါတယ်။

ဒီကနေ့လုပ်တဲ့ မြန်မာအပါအဝင် မဲခေါင်ဒေသ နိုင်ငံ ၅ နိုင်ငံနဲ့ ဂျပန်တို့ ပူးတွဲလုပ်တဲ့ အစည်းအဝေး ထုတ်ပြန်ချက်ထဲမှာလည်း မြန်မာနိုင်ငံက ရွေးကောက်ပွဲ အရေးပါမှုကို အသိအမှတ်ပြုပြီး ဒီရွေးကောက်ပွဲကို လွတ်လပ်မျှတမယ်လို့ မျှော်လင့်တဲ့အကြောင်း ဖော်ပြပါတယ်။ အာဆီယံထိပ်သီး ပုံမှန်အစည်းအဝေးကြီးမှာ မြန်မာနိုင်ငံ အရေးကိစ္စကို မဆွေးနွေးခဲ့ပေမဲ့လို့ ခေါင်းဆောင်များ ညစာ စားပွဲအတွင်းမှာတော့ မြန်မာအရေးကိစ္စနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိစ္စကို အာဆီယံ အိမ်နီးချင်းတိုင်းပြည်တွေက မြန်မာအစိုးရကို အတော်လေး မေးခွန်းထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီကနေ့ အဓိကလုပ်တဲ့ အာဆီယံနဲ့ အရှေ့အာရှနိုင်ငံများ ထိပ်သီး အစည်းအဝေး အတွင်းမှာတော့ မြန်မာကိစ္စကို သီးခြားဆွေးနွေးမှု မရှိခဲ့ပါဘူး။ တကယ်တော့ အာဆီယံ ခေါင်းဆောင်တွေနဲ့ အခြား ကမ္ဘာခေါင်းဆောင်တွေက မြန်မာနိုင်ငံ ရွေးကောက်ပွဲကို တရားမျှတမှုရှိအောင် လုပ်ဖို့ တွန်းအားပေးနေကြပေမဲ့ မြန်မာအစိုးရကတော့ အခုလက်ရှိ ရွေးကောက်ပွဲ ဥပဒေအတိုင်း၊ ရှိပြီးသား အခင်းအကျင်းအတိုင်းပဲ ရွေးကောက်ပွဲကို ဆက်သွားဖို့ ပြင်ဆင်နေပါတယ်။

မနေ့ကတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည် လွှတ်မလွှတ်ကိစ္စနဲ့ လေ့လာသူတွေ စေလွှတ်ခွင့်ရမရ ကိစ္စကို ထပ်ပြီး တီးခေါက်ခဲ့ကြတယ်။ ဒါပေမဲ့ လက်ရှိ နိုင်ငံတွင်းရှိနေပြီးသား သံတမန်တွေနဲ့ အဖွဲ့အစည်းတွေကို ရွေးကောက်ပွဲကို လေ့လာနိုင်ဖို့ ပြင်ဆင်ပေးမယ်ဆိုတဲ့ တုံ့ပြန်ချက်မျိုးပဲ ရခဲ့တယ်လို့ သိရပါတယ်။

XS
SM
MD
LG