သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲထက် ငြိမ်းချမ်းရေးကို ဦးစားပေးဖို့ စစ်ကောင်စီကို အာဆီယံတိုက်တွန်း


၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မလေးရှားနိုင်ငံ Langkawi ကျွန်းတွင် ကျင်းပပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan မိန့်ခွန်းပြောနေစဉ်။ (Azneal Ishak/Pool via REUTERS)
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မလေးရှားနိုင်ငံ Langkawi ကျွန်းတွင် ကျင်းပပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan မိန့်ခွန်းပြောနေစဉ်။ (Azneal Ishak/Pool via REUTERS)

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေကြား စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်မယ့်အစား အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးရဖို့ ဦးစားပေးသင့်တယ်လို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။

"ရွေးကောက်ပွဲမှာ အားလုံးပါဝင်ရမယ်။ ရွေးကောက်ပွဲကို အထီးကျန် အခြေအနေမှာ ကျင်းပလို့ မရဘူးလို့ ကျနော်တို့ ပြောထားပါတယ်။ သက်ဆိုင်သူတွေ အားလုံးပါဝင်ရမယ့်အစား အထီးကျန် ကျင်းပပြီး အကန့်အသတ်နဲ့သာ ပါဝင်ခွင့် ရှိမယ်ဆိုရင်တော့ ဒါဟာ ဦးစားပေး မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ကသာ ဦးစားပေး ဖြစ်ရမှာပါ။" လို့ အာဆီယံအသင်း အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က သတင်းထောက်တွေကို ပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ စာနာမှု အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးအပ်နိုင်အောင် စစ်ကောင်စီက ခွင့်ပြုဖို့လည်း မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာ ဒီနှစ်ထဲ ပထမဆုံးအကြိမ်အဖြစ် အာဆီယံ အသင်းဝင်နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဒီကနေ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့ မလေးရှားနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် သံတမန်ဟောင်း Othman Hashim ကို တာဝန်ပေးလိုက်ကြောင်းလည်း ကြေညာခဲ့တာပါ။ မကြာခင် မြန်မာနိုင်ငံကိုသွားဖို့ ရည်ရွယ်ထားတဲ့ မလေးရှား အထူးကိုယ်စားလှယ်ကိုတော့ မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်နိုင်ရေး အဓိက တာဝန်ပေးထားပါတယ်။

Forum

XS
SM
MD
LG