သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ လူငယ်တွေ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲကို အားမရ


၂၀၁၄ ခုနှစ်၊ အာဆီယံအစည်းအဝေး နေပြည်တော်မှာ ကျင်းပခဲ့စဉ်။ (မေ ၁၁၊ ၂၀၁၄)
၂၀၁၄ ခုနှစ်၊ အာဆီယံအစည်းအဝေး နေပြည်တော်မှာ ကျင်းပခဲ့စဉ်။ (မေ ၁၁၊ ၂၀၁၄)
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်ရခဲ့သူ တဦးဖြစ်သူ အမျိုးသားလူငယ်ကွန်ဂရက်က ကိုဘိုဘိုက ပြီးခဲ့တဲ့ မတ်လတုန်းက ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အာဆီယံ လူငယ်များတွေ့ဆုံပွဲကနေ ရရှိထားတဲ့ ရန်ကုန်ကြေညာစာတမ်းပါ အချက်တွေကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ အချက်တွေထဲမှာဆိုရင် လူငယ်တွေနဲ့ ဆက်နွှယ်တဲ့ မူဝါဒတွေချမှတ်တာမှာ လူငယ်တွေ ပါဝင်ခွင့်ရဖို့၊ ပညာရေးမှာ တန်းတူအခွင့်အရေး ရဖို့၊ လူငယ်တွေကို ခွဲခြားထားတဲ့ ဥပဒေတွေကို ချက်ချင်းပြင်ဖို့၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ ကျန်းမာရေး၊ ပြောင်းရွှေ့နေထိုင်မှု ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ လူငယ်တွေနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ ဒီတောင်းဆိုမှုတွေမှာ အာဆီယံ ထိပ်သီးတွေက ဘယ်လို တုံ့ပြန်ကြသလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

ကိုဘိုဘို။ ။ ဆွေးနွေးတာက ကျနော်တို့က တင်ပြတောင်းဆိုတာ ဖြစ်တယ်။ ကျနော်တို့ မတ်လတုန်းက ရန်ကုန်မှာ လုပ်တဲ့ ASEAN Youth Forum လုပ်ခဲ့တာ အဲဒီက ထွက်လာတဲ့ Declaration (ကြေညာချက်) Yangoon Declaration အဲဒီ အပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ သွားပြီးတော့မှ ပြောတာ။

မေး။ ။ ထိပ်သီး ခေါင်းဆောင်တွေကရော ကိုဘိုဘိုတို့ရဲ့ တင်ပြ တောင်းဆိုချက်တွေကို ဘာများ တုံ့ပြန်ပါသလဲရှင်။

ကိုဘိုဘို။ ။ သုံးနိုင်ငံပဲ တုံ့ပြန်ပါတယ်။ ပထမတခုက ဖိလစ်ပိုင်၊ ဒုတိယ တခုက အင်ဒိုနီးရှား၊ တတိယ တခုက ကမ္ဘောဒီးယား အဲဒီ သုံးနိုင်ကပဲ တုံ့ပြန်ပါတယ်။ ဒါပေမယ့် တုံ့ပြန်နေရာမှာ သူတို့က ဘယ်လို တုံ့ပြန်လဲ ဆိုတော့ သူတို့ လုပ်နေတဲ့ ကိစ္စကိုဘဲ ပြောနေတယ်။ ဥပမာ ဖိလစ်ပိုင် ဆိုရင် ပညာရေး ကိစ္စကို အဓိက ထားပြီးတော့ ပြန်ပြီးတော့ ပြောသွားတာ။ ပညာရေး ကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်နေပါတယ်ဆိုတဲ့ အကြောင်း ပြောဖြစ်တယ်။ ပြီးတဲ့အခါကျတော့ အင်ဒိုနီးရှားဆိုရင်လည်း သူတို့က လူ့အခွင့်အရေးကို လေးစား လိုက်နာပါတယ်ဆိုတဲ့ဟာ ပြောပါတယ်။ ကမ္ဘောဒီးယားကကျတော့ ဘာမှ ရေရေရာရာ မပြောသွားခဲ့ပါဘူး။

မေး။ ။ ဟုတ်ကဲ့။ ကိုဘိုဘိုတို့အနေနဲ့ရော ဒီအပေါ်မှာ အားရမှု ရှိပါသလား။ ဒီခေါင်းဆောင်တချို့က ကိုဘိုဘိုတို့ရဲ့ ရန်ကုန်ကြေညာချက်အပေါ်မှာ တုံ့ပြန်ချက်ကို အားရကျေနပ်မှု ရှိပါသလား။

ကိုဘိုဘို။ ။ အားရကျေနပ်မှုတော့ မရှိပါဘူး ခင်ဗျ။ ပထမဆုံး ဘာကြောင့် အားရကျေနပ်မှုမရှိလဲ ဆိုတော့ ကျနော်တို့ ရွေးချယ်ထားတဲ့ လူငယ်တွေ အကုန်လုံးပါဝင်ခွင့်မရခဲ့ဘူး။ တက်ရောက်ခွင့် မရခဲ့ဘူး။ အဲဒါ တချက်။ နောက်ထပ် အားမရတဲ့အချက်က ဘာလဲဆိုတော့ ကျနော်တို့ တင်ပြတဲ့အပေါ်မှာ ခေါင်းဆောင်တချို့ကပေါ့နော်- အာဆီယံ ခေါင်းဆောင်တချို့က စိတ်ဝင်စားမှု မရှိတာတို့ ပြီးတော့ နောက် ဒီအပေါ်မှာ အလေးပေး ဆောင်ရွက်လိုစိတ် မရှိတာတို့ သွားမြင်ရပါတယ်။ အဲဒီအတွက်ကြောင့်မို့ အားရ ကျေနပ်မှုတော့ မရှိပါဘူး။
XS
SM
MD
LG