သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းဝေး ဖိတ်ကြားမှု အရပ်ဘက်အဖွဲ့တွေ ဝေဖန်


မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ၁၆ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာတက်ရောက်စဉ်။ (ဇွန် ၂၂၊ ၂၀၂၂)
မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ၁၆ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာတက်ရောက်စဉ်။ (ဇွန် ၂၂၊ ၂၀၂၂)


[[Zawgyi/Unicode]]

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများရဲ့ အစည်းအဝေးကို စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ခဲ့ပြီး ကမ္ဘာဒီးယား ကာကွယ်ရေးဝန်ကြီးနဲ့လည်း ဗုဒ္ဓဟူးနေ့က သီးသန့် တွေ့ဆုံခဲ့ပါတယ်။ စစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီးကိုမဖိတ်ဖို့ လူ့အခွင့်အရေးနဲ့ အရပ်ဘက်အဖွဲ့တွေက အာဆီယံကို တိုက်တွန်းနေတဲ့ကြားကပဲ ကမ္ဘောဒီယားက ဖိတ်ခေါ်ခဲ့တာပါ။ မြန်မာ အရပ်ဘက်အဖွဲ့တွေကတော့ ဒေသတွင်းတည်ငြိမ်ရေးကို လိုလားတယ်လို့ပြောနေတဲ့ အာဆီယံရဲ့ စစ်ကောင်စီအပေါ်ထားတဲ့ သဘောထားအပေါ်မှာ မေးခွန်းထုတ်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ၂ ရက်တာကျင်းပခဲ့တဲ့ (၁၆)ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ADMM ကို စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဖိတ်ကြားခံခဲ့ရတာပါ။ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေကို ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ကိုမဖိတ်ဖို့ ကန့်ကွက်မှုတွေကြားကပဲ လျှစ်လျူရှုခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် Mr. Hun Sen ကို ပြည်တွင်းက အရပ်ဘက်အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။

ဒေသတွင်းမှာဖြစ်နေတဲ့၊ ဖြစ်လာနိုင်တဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကို ထောက်ပြပြီး အာဆီယံနိုင်ငံအချင်းချင်းကြားမှာ ပိုပြီးစည်းရုံးဖို့လိုတယ်လို့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးရဲ့အိမ်ရှင် ကမ္ဘောဒီးယားက ပြောခဲ့တာပါ။

မြန်မာအရပ်ဘက်အဖွဲ့အစည်း ၆၀၀ ကျော်ကတော့ ဒီအစည်းအဝေးမတိုင်ခင် ရက်ပိုင်းအလိုကတည်းက စစ်ကောင်စီကို မဖိတ်ကြားဖို့ အာဆီယံကို တိုက်တွန်းခဲ့တာပါ။ ဒါပေမဲ့ အခုလို ဖိတ်ကြားလိုက်တာက ဒေသတွင်းနိုင်ငံတွေအတွက်တော့ ခြိမ်းခြောက်မှုတခု ဖြစ်လာတယ်လို့ ဒီအစည်းအဝေးကို ဦးဆောင် ကန့်ကွက်ခဲ့သူတွေထဲက တဦးဖြစ်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

" ပြောရမယ်ဆိုရင် ဒီ Defence force အချင်းချင်း၊ စစ်သားတွေအချင်းချင်းက၊ စစ်သားအချင်းချင်းကို ပြန်ရိုင်းပင်းတဲ့ပုံစံသည် ကျမတို့ ဒေသတွင်းက ပြည်သူတွေအတွက် အကြီးကျယ်ဆုံးသော ခြိမ်းခြောက်မှုဖြစ်ပါတယ်။ ဒီပုံစံမျိုးစုံနဲ့သော မတရားမှုတွေ၊ ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ စစ်ဗိုလ်ချုပ်ခေါင်းဆောင် တယောက်ကို အခြားနိုင်ငံ၊ အိမ်နီးချင်းနိုင်ငံ၊ ဒေသတွင်းနိုင်ငံတွေက စစ်ဗိုလ်ချုပ်တွေက လက်ကမ်းကြိုတယ်ဆိုတာက ကျမတို့ ဒေသတွင်းက ပြည်သူတွေအတွက်ကို ဒါအန္တရာယ်ဖြစ်ပါတယ်။"

ကမ္ဘာ့အရေးကိစ္စတွေကြောင့် မြန်မာနိုင်ငံကို မီဒီယာတွေရဲ့အာရုံစိုက်မှုက လျော့သွားပေမဲ့ ပြည်တွင်းမှာတော့ နေ့တိုင်းနီးပါး တိုက်ပွဲတွေရှိနေပြီး၊ မီးရှို့မှုတွေနဲ့အတူ အယူအဆမတူတဲ့ အဖွဲ့အစည်းတွေကြားမှာ အပြန်အလှန် သတ်ဖြတ်မှုတွေက နေရာအနှံ့မှာ ရှိနေတယ်လို့ နိုင်ငံရေးလှုပ်ရှားသူတချို့က ပြောပါတယ်။ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာသူ အများဆုံးရှိတဲ့ နိုင်ငံတွေထဲမှာလည်း မြန်မာနိုင်ငံက ပါနေတာပါ။ ဒီအခြေအနေတွေကို မျက်ကွယ်ပြုပြီး စစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီးကို အာဆီယံက ဖိတ်ကြားခဲ့တာလို့ အခုကိစ္စမှာ လှုပ်ရှားပါဝင်ခဲ့တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုရဲကပြောပါတယ်။

" အရှင်လတ်လတ် မီးရှို့သတ်ဖြတ်၊ ရိက္ခာတွေ၊ အိမ်တွေမီးရှို့ပစ်ရလောက်အောင် မိုက်ရိုင်းလွန်းတဲ့လူတွေနဲ့ တစားပွဲတည်း သူတို့ အကျိုးစီးပွားအတွက် လုပ်နေတဲ့ဟာမျိုးကို ကျနော်တို့က ပစ်တင်ရှုတ်ချဖို့ အဲဒါကို လုပ်ကိုလုပ်ရမယ်။ အဲဒီအပေါ်မှာ ကျနော်တို့က စိတ်ပျက်အားငယ်မှုတွေ မရှိဘူး။ သူတို့မဖိတ်လည်း ဘာမှ လာကူမှာမှမဟုတ်တာ။ သေချာသွားပြီလေ။ တနှစ်ကျော်သွားပြီ။ ကိုယ့်ဟာကိုယ် အားလုံးလုပ်ရမှာ။ ဆိုတော့ ကျနော်တို့ စိတ်ဓာတ်မကျဘဲ ဒီအတိုင်းပဲဆက်ပြီး တက်ပွဲဝင်မယ်။"

ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ဖိတ်ခေါ်ဖို့ တခြားအာဆီယံ ၈နိုင်ငံကလည်း သဘောတူခဲ့ကြတာလို့ ကမ္ဘောဒီးယားအစိုးရရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ခမာတိုင်းမ်စ်သတင်းစာက ရေးသားပါတယ်။

အာဆီယံလိုပဲ ဘင်္ဂလားပင်လယ်အော်ဒေသ ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ BIMSTEC ရဲ့ ဦးဆောင်နိုင်ငံ အိန္ဒိယကလည်း စစ်ကောင်စီကို အစဉ်တစိုက် အသိအမှတ်ပြုနေတဲ့ နိုင်ငံဖြစ်တယ်လို့ နိုင်ငံရေးလှုပ်ရှားသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံအတွက် အိန္ဒိယပြည်သူတွေက ရပ်တည်ပေးဖို့၊ မြန်မာစစ်တပ်ကို အိန္ဒိယအစိုးရက တရားဝင်မှု မပေးဖို့နဲ့ လက်နက်မထောက်ပံ့ဖို့၊ စစ်တပ်ကို စီးပွားရေးပိတ်ဆို့ဖို့၊ ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေကို အကူအညီတွေပေးဖို့ စတဲ့အချက် (၄) ချက်ကို India for Myanmar အဖွဲ့ကတောင်းဆိုထားပြီး ပူးပေါင်းတဲ့အဖွဲ့တွေရဲ့အားနဲ့ လာမယ့်ဇူလိုင်လမှာ အိန္ဒိယနိုင်ငံရေးနဲ့ အရပ်ဘက်အဖွဲ့ ၁,၀၀၀ ကျော်ကို စာပေးပို့သွားမယ်လို့ ပြောပါတယ်။

အာဆီယံနိုင်ငံတွေ အချင်းချင်းကြားမှာ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးနဲ့ အကျိုးတူပူးပေါင်းမှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် ပံ့ပိုးပေးနေတာကိုလည်း Justice for Myanmar အဖွဲ့က ထောက်ပြ၊ ဝေဖန်ထားပါတယ်။ အကြမ်းဖက်တာတွေလုပ်နေတဲ့ မြန်မာစစ်တပ်ကို အာဆီယံရဲ့မိတ်ဆွေအဖြစ်က ဖယ်ရှားပေးဖို့လည်း ဒီအဖွဲ့က တောင်းဆိုထားတာပါ။ လက်ရှိအခြေအနေက အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အာဆီယံက တရားဝင် အသိအမှတ်ပြုရမှာဖြစ်ပြီး အခုလို (၁၆)ကြိမ်မြောက် ADMM အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ရှိနေခဲ့တာဟာ တုန်လှုပ်စရာဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အမေရိကန်အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေက သူတို့ရဲ့ မြန်မာရုံး ဖေ့စ်ဘွတ်စာမျက်နှာက ပရိုဖိုင်ပုံတွေကို မနေ့က ဗုဒ္ဓဟူးနေ့က အနက်ရောင် ပြောင်းလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကစလို့ သေဆုံးခဲ့တဲ့ အရပ်သားတွေအတွက် ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ အခုလို အနက်ရောင်ပုံတွေ ပြောင်းထားတာလို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]














XS
SM
MD
LG