ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ ကျင်းပနေတဲ့ အာရှ၊ ဥရောပ နိုင်ငံများ စည်းဝေးပွဲ ASEM မှာ မြန်မာနိုင်ငံကိစ္စကို အဓိက ဦးစားပေးသင့်တယ်လို့ ဗြိတိန် ဒုတိယဝန်ကြီးချုပ် နစ်ခ် ခလတ်ဂ် (Nick Clegg) က ပြောကြားခဲ့ပါတယ်။
ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်တယ် ဆိုတာကို အားလုံး ညီညီညွတ်ညွတ် ပြောကြဖို့ လိုတယ်ဆိုတဲ့ ဒုတိယဝန်ကြီးချုပ် နစ်ခ် ခလတ်ဂ်ရဲ့ အပြောကို ဗြိတိန် နိုင်ငံခြားရေးဌာနရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြထားတာပါ။
မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တယောက်တမျိုးစီ ပြောနေကြမယ်ဆိုရင် ရွေးကောက်ပွဲတွေဟာ လွတ်လပ်မှာလည်း မဟုတ်ဘူး၊ မျှတမှာလည်း မဟုတ်ဘူးလို့ မစ္စတာ ခလတ်ဂ်က ပြောပါတယ်။
မြန်မာပြည်သူတွေ အကြီးအကျယ် ဖိနှိပ်ခံနေရတာတွေကို တသံတည်း ဆန့်ကျင်ကြဖို့ ASEM စည်းဝေးပွဲမှာ ဗြိတိန်နိုင်ငံက တောင်းဆိုသွားမယ်လို့ ဗြိတိန် ဒုတိယဝန်ကြီးချုပ် နစ်ခ် ခလတ်ဂ်က ပြောထားပါတယ်။ တခါ ASEM စည်းဝေးပွဲကနေ မြန်မာကို ဖိအားပေးဖို့ သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလ်လာ့ဒ် (Julia Gillard) အပေါ် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာနေတဲ့ အဖွဲ့တွေကလည်း တိုက်တွန်းထားပါတယ်။
ရွေးကောက်ပွဲ လုပ်လုပ်၊ မလုပ်လုပ် မြန်မာနိုင်ငံက အခြေအနေတွေ ပြောင်းလဲလာမှာ မဟုတ်တဲ့အတွက် ဒီကိစ္စကို ဝန်ကြီးချုပ် ဂေးလ်လာ့ဒ်က ASEM စည်းဝေးပွဲမှာ ပြောသင့်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။
တနင်္လာနဲ့ အင်္ဂါနေ့ ၂ ရက် ကျင်းပတဲ့ ASEM ထိပ်သီးစည်းဝေးပွဲမှာ မြန်မာ့အရေး ဆွေးနွေးကြဖို့ နိုင်ငံတကာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အပါအဝင် မြန်မာ့အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့တွေကလည်း တောင်းဆိုထားကြပါတယ်။