သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး စိုးရိမ်မှု ASEM ခေါင်းဆောင်များ ဆွေးနွေး


ASEM အစည်းအဝေး တက်ရောက်သည့် ကမ္ဘာ့ခေါင်းဆောင်များ။

နှစ်ရက်ကြာ ကျင်းပတဲ့ အာရှ၊ ဥရောပ နိုင်ငံများရဲ့ ASEM အစည်းအဝေးအတွင်း တက်ရောက်လာတဲ့ ခေါင်းဆောင်တွေဟာ ကမ္ဘာ့အရေးကိစ္စတွေ အပြင် မြန်မာနိုင်ငံ အရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ လာမယ့် ရွေးကောက်ပွဲဟာ အားလုံး ပါဝင်နိုင်ပြီး ပွင့်လင်းမြင်သာမှု ရှိဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ ကြေညာချက် မူကြမ်းကို လတ်တလောအားဖြင့် နိုင်ငံတွေရဲ့ အဆင့်မြင့် အရာရှိတွေအကြား သဘောတူထားပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အာရှနဲ့ ဥရောပ ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်နေတဲ့ ၈ ကြိမ်မြောက် ASEM အစည်းအဝေး အတွင်းမှာ မြန်မာနိုင်ငံတွင်းက နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို ခေါင်းဆောင်တွေအကြား ဆွေးနွေးခဲ့ကြပါတယ်။ အဓိက အချက်ကတော့ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတွေအကြား အမြင်ဖလှယ်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ နှစ်ရက်ကြာ ကျင်းပပြီး ဒီကနေ့ နောက်ဆုံးရက်မှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ASEM ခေါင်းဆောင်တွေရဲ့ သဘောထား တစုံတရာ ထုတ်ပြန်ဖို့ စီစဉ်နေတယ်လို့ လက်ရှိ ဥရောပသမဂ္ဂ အလှည့်ကျဥက္ကဋ္ဌ ဘယ်လ်ဂျီယံနိုင်ငံ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ouvry က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကြေညာချက် ထုတ်ပြန်ဖို့ ရှိပါတယ်။ အဆင့်မြင့် အရာရှိတွေ အကြားမှာတော့ သဘောတူညီချက် ရထားပြီးပါပြီ။ တရားဝင်တော့ အတည်မပြုရသေးပေမဲ့ အခု ညနေပိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြန်ပါလိမ့်မယ်။”

ဗွီအိုအေ မြန်မာပိုင်းက ရရှိတဲ့ ထုတ်ပြန်ချက် မူကြမ်းထဲမှာတော့ ASEM ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံတွင်းက ရွေးကောက်ပွဲ လွတ်လပ်မျှတမှု ရှိဖို့ တိုက်တွန်းထားသလို အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲကြီးဖြစ်ဖို့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ အကြံပြုထားပါတယ်။ အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်မယ်လို့လည်း မြန်မာအစိုးရကို အကြံပြုထားပါတယ်။

ဒါပေမဲ့လည်း အခု ASEAM အစည်းအဝေး အတွင်းမှာ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေ အထူးသဖြင့် တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ အသုံးအနှုန်း ဖော်ပြမှုမျိုးကိုတော့ လက်ခံနိုင်ဖွယ် မရှိပါဘူး။ ဒါပေမဲ့လည်း အခုလို မြန်မာ့အရေး ထုတ်ပြန်ချက် ထွက်နိုင်ဖို့အတွက် အနိမ့်ဆုံးတော့ ခေါင်းဆောင်တွေ အကြားမှာ မြန်မာ့အရေးကို ခေါင်းတိုက် ဆွေးနွေးခဲ့ကြရလိမ့်မယ်လို့ Burma Campaign UK အဖွဲ့က မာ့ခ် ဖာမာနာက ပြောပါတယ်။

“ဒီ ထုတ်ပြန်ကြေညာချက် နောက်ကွယ်မှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ရှိပါလိမ့်မယ်။ နောက်ဆုံး ASEM အစည်းအဝေးကို လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက တရုတ်နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ အဲဒီတုန်းကလည်း ရလဒ်ကောင်းတွေ ရှိခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့ တောင်းခဲ့ပါတယ်။ အခုအချိန်မှာတော့ မြန်မာ့အရေး ဆုံးဖြတ်ချက် ချဖို့က ပိုအခက်အခဲတော့ ရှိပါတယ်။

“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပခါနီးပြီမို့ အပြုသဘော ချဉ်းကပ်ဖို့ တရုတ်က တိုက်တွန်းနေပါတယ်။ တချို့ ဥရောပ တိုင်းပြည်တွေ အထူးသဖြင့် ဗြိတိန်နဲ့ ချက်သမ္မတနိုင်ငံတို့ကတော့ မြန်မာနိုင်ငံမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးရေးတွေ ဖြစ်ဖို့ ကုလသမဂ္ဂကို ဖိအားပေးနေပါတယ်။”

မနေ့တုန်းကတော့ ဗြိတိန် ဒုတိယ၀န်ကြီးချုပ် နစ်ခ် ခလပ်ဂ် (Nick Clegg) က အာရှနဲ့ ဥရောပ ခေါင်းဆောင်တွေ အနေနဲ့ မြန်မာပြည်သူတွေ ခံစားနေရမှု အပေါ်မှာ တညီတည်း အသံထုတ်ဖော်ကြဖို့ တောင်းဆိုခဲ့ပါတယ်။ အခု အစည်းအဝေး အတွင်းမှာလည်း ဥရောပဘက်က အထူးသဖြင့်ဆိုရင် ဗြိတိန်လို နိုင်ငံတွေဘက်က မြန်မာ့အရေးကို ပိုပြီး ပြင်းပြင်းထန်ထန် ပြောလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ဒါပေမဲ့လည်း တကမ္ဘာလုံးအရေး အထူးသဖြင့် ဒေသနှစ်ခုအကြား စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေ အကြားမှာတော့ မြန်မာ့အရေးဟာ သိပ်တော့ နေရာပေး၊ အချိန်ပေးခံရမှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ယူဆကြပါတယ်။

XS
SM
MD
LG