သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှင်ဂမ္ဘီရ ပြန်လွတ်


အရှင်ဂမ္ဘီရ ပြန်လွတ်
အရှင်ဂမ္ဘီရ ပြန်လွတ်

သောကြာနေ့မနက် ၂ နာရီ ပတ်ဝန်းကျင်မှာ အာဏာပိုင်တွေက လာခေါ်သွားတဲ့ အရှင်ဂမ္ဘီရကို သောကြာနေ့ညဘက်မှာ မဂ္ဂင်ကျောင်းတိုက်ဆီ ပြန်ပို့ပေးခဲ့ပါတယ်။ အာဏာပိုင်တွေက ဘာ့ကြောင့် လာပင့်သွားတယ်၊ ဘယ်ကိုခေါ်သွားတယ်၊ ဘာတွေပြောဆိုခဲ့ကြတယ် ဆိုတာတွေကို တိတိကျကျ မသိရသေးပေမဲ့ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ကျန်းကျန်းမာမာလည်း ရှိနေပါတယ်လို့ ပြန်ရောက်လာပြီးတဲ့နောက် အရှင်ဂမ္ဘီရက ဖုန်းဆက် မိန့်ကြားခဲ့ကြောင်း အစ်မတော်ဖြစ်သူ မခင်သူဌေးက ပြောပါတယ်။ သောကြာနေ့ ညဉ့်နက်ပိုင်းမှာ ကိုကျော်ကျော်သိန်းက မခင်သူဌေးကို ဆက်သွယ် မေးမြန်းတဲ့အခါ အရှင်ဂမ္ဘီရ ပြန်ရောက်နေပြီ ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။

“၁၀ နာရီလောက်က ကျမဆီကို ဖုန်းဆက်ပါတယ်။ ဥပဉ္ဇင်းက လွတ်လာပြီဆိုတဲ့ အကြောင်းကို ဖုန်းဆက်ပြီး ကျမကို ပြောပါတယ်။ သောကြာနေ့ည ၁၀ နာရီပါ။”

ဥပဉ္ဇင်းကို လာခေါ်သွားတာ ဘယ်နေ့ ဘယ်အချိန်ကပါလဲခင်ဗျာ။ -

“သောကြာနေ့မနက် ၂ နာရီလောက်ကပါ။ လယ်တီ ကျောင်းတိုက်ကနေ လာခေါ်သွားတာရှင့်။”

ဥပဉ္ဇင်းကို ပင့်ပြီးတော့ ဘယ်ကိုပင့်သွားတယ်လို့ သိရပါသလဲ။ -

“သူ ပြောသွားတာက ရန်ကုန်တိုင်း ဒေသကြီး အစိုးရရုံးလို့ ပြောတယ်။ နေ့ခင်းတုန်းက ကိုအောင်ကျော်ကျော်နဲ့ ကိုညီညီထွေး လိုက်သွားတယ်၊ လိုက်သွားတုန်းကတော့ စုံစမ်းလို့ မရခဲ့ဘူး။ ဌာန လေးဌာန ရောက်တယ်။ သူတို့က အုပ်ချုပ်ရေးမှူး အစိုးရက ဒေသကြီး အုပ်ချုပ်ရေးမှူးရုံးမှာ အုပ်ချုပ်ရေးမှူး မရှိဘူးလို့ စာထောင်ထားတယ်။ နောက် လူမှုဌာနကို လွှဲတယ်။ လူမှုဌာနကလည်း မှုခင်းတပ်ဖွဲ့ကို ပြန်ပြီး လွှဲတယ်။ မှုခင်းတပ်ဖွဲ့ကို မေးတော့လဲ ထလရ နိုင် ကိုလွှဲတယ်။ အဲဒါနဲ့ အဆင့်ဆင့်မေးတာ။ လေးနေရာ ရောက်ခဲ့တယ်။ ဒါပေမဲ့ မသိကြဘူးပေါ့။ ကျမတို့လည်း စိတ်ပူတာပေါ့။ မိုးချုပ်မှ ကျောင်းကနေ အိမ်ကို ပြန်လာခဲ့တယ်။ ပြန်လာတော့ ည ၁၀ နာရီလောက်ကျတော့ ဖုန်းဝင်လာတယ်။ ဘုန်းကြီးက သူ ကျောင်းကို ကောင်းကောင်းမွန်မွန် ပြန်ရောက်ပါပြီတဲ့။ ရောက်ပြီဆိုတာနဲ့ အဲဒါ ဥပဉ္ဇင်း ဘယ်ကို ခေါ်သွားတာလဲ ဆိုတော့ သူက မဟန ဆရာတော်ကြီးတွေနဲ့လည်း တွေ့ပြီးပါပြီတဲ့။ ဥပဉ္ဇင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံရဲ့လားဆိုတော့ ဆက်ဆံပါတယ်တဲ့။ အဲဒီလိုပဲ ပြောပါတယ်။ ဆရာတော်ကြီးတွေနဲ့တော့ အေးအေးဆေးဆေးပါပဲ တဲ့။”

ဒါဆို အစ်မနဲ့ စကားပြောပြီးတဲ့ နောက်ပိုင်းမှာ ဥပဉ္ဇင်း ဂမ္ဘီရက မဂ္ဂင်ကျောင်းတိုက်မှာ သတင်းပြန်သုံးပြီးပေါ့နော်။ -

“ဟုတ်ပါတယ်။”

မဂ္ဂင်ကျောင်းတိုက်ကို သူတို့ လာပို့သွားတာလား။ ဒါမှမဟုတ် ဥပဉ္ဇင်းက ကိုယ့်ဘာသာကိုယ် ပြန်ကြွလာတာလား။ -

“သူတို့ ပြန်လာပို့တာလို့ ပြောတယ်။”

အရှင်ဂမ္ဘီရ ရဲ့ အစ်မတော်ဖြစ်သူ မခင်သူဌေးပါ။ အရှင်ဂမ္ဘီရဟာ ရွှေဝါရောင် တော်လှန်ရေးလို့ နောက်ပိုင်းမှာ ထင်ရှားတဲ့ ၂၀၀၇ ခုနှစ်က ဗုဒ္ဓဘာသာသံဃာထု လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီခေါင်းဆောင်မှုကြောင့်ပဲ ဖမ်းဆီးခံခဲ့ရပြီး ပထမ ထောင်ဒဏ် ၆၈ နှစ်၊ နောက် ၅ နှစ်လျှော့ပြီး ထောင်ဒဏ် ၆၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။

ဖမ်းဆီးခံရပြီး ထောက်လှမ်းရေး စစ်ကျောရေး စခန်းမှာရော အကျဉ်းထောင်ထဲမှာပါ ညှဉ်းပန်း နှိပ်စက်တာတွေ ခံခဲ့ရတယ်လို့လည်း မိသားစုဝင်တွေက ပြောထားဖူးပါတယ်။

အစိုးရအပြောင်းအလဲ ဖြစ်ခဲ့ပြီးတဲ့နောက် ဇန်နဝါရီလ ၁၃ ရက်နေ့က လွှတ်ပေးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ပါဝင်ခဲ့ပြီး မြောင်းမြထောင်ကနေ ပြန်လည် လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG