သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဂမ္ဘီရ အပေါ် အရေးယူဖို့ အာဏာပိုင်တွေ ပြင်ဆင်


ဦးဂမ္ဘီရ အပေါ် အရေးယူဖို့ အာဏာပိုင်တွေ ပြင်ဆင်
ဦးဂမ္ဘီရ အပေါ် အရေးယူဖို့ အာဏာပိုင်တွေ ပြင်ဆင်

သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ပြန်လွတ်လာတဲ့ အရှင်ဂမ္ဘီရဟာ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ ဓမ္မစက်နဲ့ အရေးယူလို့ မရနိုင်တော့တာကြောင့် အာဏာစက်နဲ့ အရေးယူတော့မှာ ဖြစ်တဲ့အကြောင်း မနေ့က သတင်းစာထဲမှာ တရားဝင် ထည့်သွင်း သတိပေးလိုက်ပါတယ်။ အရှင်ဂမ္ဘီရနဲ့ နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့ အကြား ဖြစ်ပေါ်နေတဲ့ မပြေလည်မှုတွေနဲ့ ပတ်သက်လို့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အရှင်ဂမ္ဘီရဟာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာ လာချင်းပဲ သင်္ကန်း ချက်ချင်း ပြန်ဝတ်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့က မဂ္ဂင်ကျောင်းတိုက်မှာ သတင်းသုံးနေခဲ့တာပါ။ ဒါပေမဲ့ အဲဒီလို သင်္ကန်း ပြန်ဝတ်တဲ့နေရာမှာ သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းတွေကို အကြောင်းကြားခဲ့ခြင်း မရှိတာနဲ့ ခွင့်ပြုချက်မရဘဲ သင်္ကန်းကျွန်း မဂ္ဂင်ကျောင်းတိုက်မှာ ဝင်ရောက် သီတင်းသုံးတာတွေဟာ ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး အာဏာပိုင်တွေဘက်က ယူဆပြီး အရှင်ဂမ္ဘီရကို အာဏာစက်နဲ့ အရေးယူမယ့်အကြောင်း သတင်းစာထဲမှာ တရားဝင် ထုတ်ဖော် ရေးသားလာတာပါ။

ဒီကိစ္စနဲ့ပတ်လို့ အရှင်ဂမ္ဘီရကို ဗွီအိုအေက တိုက်ရိုက် ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရနိုင်တဲ့အတွက် အစ်ကိုဖြစ်သူ ဦးအောင်ကျော်ကျော်ကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

“ကျနော်တို့ ပြောချင်တာကတော့ သူတို့ ပြန်လွတ်လာတဲ့အခါမှာ သံဃာတွေ သီတင်းသုံးစရာကျောင်း မရှိတဲ့အတွက် ကျောင်းတိုက်ကို ဖွင့်ပြီးတော့ နေလိုက်ကြတာပေါ့လေ။ အဲဒါနဲ့ ပတ်သက်ပြီး သူတို့ ပြဿနာ ရှိတာပေါ့။ ပြဿနာရှိတော့ တဘက်နဲ့ တဘက်က သည်းခံရမယ့် အတိုင်းအတာတွေ ရှိတယ်လို့ ကျနော် ယူဆပါတယ်။ တဘက်နဲ့ တဘက်က သည်းခံပြီး သွားရမယ်လို့ ကျနော် ယူဆပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ၊ လက်နက်မကိုင်တဲ့ ပဋိပက္ခတွေ။ ပဋိပက္ခပေါင်း မျိုးစုံဟာ အခုချိန်မှာ ထိန်းသိမ်းသင့်ပါပြီ။ အဲဒီတော့ တဘက်နဲ့တဘက် ရင့်သည်းမိတာတွေ ပြောဆိုမိတာတွေ အစရှိသဖြင့်ပေါ့လေ ရှိကြပါလိမ့်မယ်။ သူတို့ကလည်း လွန်ချင်လွန်မယ်။ ဒီဘက်ကလည်း လွန်ချင်လွန်မယ်ပေါ့။ အဲဒါတွေကို အာဃာတမယူဘဲနဲ့ အပြစ်မယူဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် သည်းခံပြီးတော့မှ ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်းနဲ့ သွားကြမယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ကောင်းကောင်း ရလာလိမ့်မယ်လို့ ကျနော် ယူဆပါတယ်ဗျ။”

အာဏာပိုင်တွေက အရှင်ဂမ္ဘီရကို အခုလ ၁၀ ရက်နေ့တုန်းက ထိန်းသိမ်းသွားခဲ့ပြီး နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့နဲ့ တွေ့ဆုံပေးတဲ့ အချိန်မှာလည်း ဆရာတော်ကြီးတွေနဲ့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အတိုင်း အရှင်ဂမ္ဘီရက ဝန်ခံလက်မှတ် ရေးထိုးခဲ့တယ် ဆိုတာကိုလည်း ဦးအောင်ကျော်ကျော်က ဆက်ပြောပြပါတယ်။

“၁၀ ရက်နေ့ည ၂ နာရီလောက်က ခေါ်သွားတုန်းက နောက်တစ်နေ့ ညနေမှာ မဟန ဆရာတော်ကြီးတွေနဲ့ တွေ့ပေးတယ်လို့ ပြောပါတယ်။ တွေ့ပေးတဲ့အခါမှာ မဟန ဆရာတော်ဘုရားကြီးတွေက ရဟန်းက ဝိနည်းနဲ့အညီ နေရမယ်ဆိုတဲ့အချက်ကို လက်မှတ်ထိုးခိုင်းပါတယ်တဲ့။ အဲဒါကို ဆရာတော် ဦးဂမ္ဘီရက လက်မှတ်ထိုးခဲ့ပါတယ်။ အခြား ဥပဒေအညီ ဘာညာ ဆိုတဲ့ကိစ္စတွေ မပါပါဘူးတဲ့။ လူ ဥပဒေကိစ္စတွေ မပါပါဘူးတဲ့။ ရဟန်းဟာ ဝိနည်းနဲ့အညီ နေရမယ်ဆိုတဲ့အချက်ကိုပဲ လက်မှတ်ထိုးခဲ့တာလို့ ပြောပါတယ်။ နောက်တစ်ချက် လက်မှတ်ထိုးခိုင်းတာက ရဟန်းဝတ်ခွင့် ပြန်လည် လျှောက်ထားဖို့ဆိုတဲ့ အချက်ကိုတော့ လက်မှတ် မထိုးခဲ့ဘူးလို့ ပြောပါတယ်။ အဲဒီလို မထိုးခဲ့ရတာကလည်း သူတို့ဟာ ထောင်ထဲကိုဝင်မသွားခင် တုန်းကလည်း ရဟန်းတွေဖြစ်တယ်၊ ဝင်သွားတော့လည်း ရဟန်းတွေပဲ။ ထောင်ထဲက ပြန်ထွက်လာတော့လည်း ရဟန်းတွေပဲလေ။ နောက် သူ မှတ်မှတ်ရရ ပြောတာကတော့ ရဟန်းဆိုတာဟာ စိတ်ထဲမှာ ရဟန်းဝတ်ချင်တဲ့ ရဟန်းဖြစ်နေတဲ့ အာသရ မပျက်သေးဘူးဆိုရင် ရဟန်းပါပဲလို့ သူ ပြောဖူးပါတယ်။ ဆရာတော်ကြီးတွေကလည်း အဲဒါကို လက်ခံပါတယ်။ ဒီ မဟန ဆရာတော်ဘုရားကြီးတွေ ကလည်း သူ့ရဲ့ လျှောက်ထားချက်ကို လက်ခံပါတယ်။ အဲဒီမှာ အခု သတင်းစာကနေမှ ဒီ ရဟန်းဝတ်ခွင့်ကို လက်မှတ်မထိုးလို့ ဆိုပြီး ဒါကို ပြဿနာတစ်ခု အနေနဲ့ ကျနော်တို့ ဖတ်ရတာပါ။”

နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ဆရာတော်ကြီးတွေနဲ့ တွေ့ဆုံစဉ်မှာ ဆရာတော်ကြီးတွေရဲ့ သြဝါဒကို ခံယူခဲ့ပေမဲ့ သံဃာ့နာယက အဖွဲ့က သူ့ထံ အကြောင်းကြားတဲ့ စာထဲမှာ “ခွင့်ပြုချက်မရှိဘဲ ပြစ်မှု ကျူးလွန်နေသော” ဆိုတဲ့အချက်ကို အရှင်ဂမ္ဘီရက ကန့်ကွက်ကြောင်း ပြန်လည် လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွတ်လာကြတဲ့ အကျဉ်းသား ၄၁၅ ဦးထဲမှာ ပါလာတဲ့ သံဃာ ၄၃ ပါး ပြန်လည် လွတ်မြောက်ရေး အတွက် သံဃာ့နာယက အဖွဲ့က တစုံတရာ ဆောင်ရွက်ပေးခြင်း မရှိခဲ့တာ၊ ရွှေညဝါဆရာတော် ဦးပညာသီဟ သီတင်းသုံးနေတဲ့ သာဓု ဗုဒ္ဓတက္ကသိုလ် ကျောင်းတိုက်ကနေ တစ်လအတွင်း ထွက်ခွာသွားဖို့ သံဃာ့နာယကအဖွဲ့က အမိန့်ထုတ်ခဲ့တဲ့ အပေါ် ကန့်ကွက်တာ အပါအဝင် ကန့်ကွက်ချက် ၁၀ ချက်ကို သံဃာထုတစ်ရပ်လုံး ကိုယ်စား အရှင်ဂမ္ဘီရက တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

အရှင် ဂမ္ဘီရဘက်က အခုလို ကန့်ကွက်စာ တင်သွင်းခဲ့တာနဲ့ သံဃာ့နာယက ဆရာတော်ကြီးတွေရဲ့ မိန့်ကြားချက်ကို လိုက်နာခြင်း မရှိတာတွေက သံဃာထုတစ်ရပ်လုံးရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ဆောင်တာ ဆိုတဲ့ စွပ်စွဲချက်နဲ့ ဓမ္မစက်နဲ့ အရေးယူလို့ မရနိုင်တော့တာကြောင့် အာဏာစက်နဲ့ အရေးယူဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တဲ့အကြောင်း သတင်းစာထဲမှာ အတိအလင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG