သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ-အာဖရိက ထိပ်သီးဘေးဘန်း တရုတ်-မြန်မာဆွေးနွေး


မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် ဦးဆောင်တဲ့အဖွဲ့တို့ အာရှ-အာဖရိက ထိပ်သီးဘေးဘန်းမှာ တွေ့ဆုံ ဆွေးနွေးနေစဉ် (ဓာတ်ပုံ - ဦးရဲထွဋ်ဖေ့စ်ဘွခ်)
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် ဦးဆောင်တဲ့အဖွဲ့တို့ အာရှ-အာဖရိက ထိပ်သီးဘေးဘန်းမှာ တွေ့ဆုံ ဆွေးနွေးနေစဉ် (ဓာတ်ပုံ - ဦးရဲထွဋ်ဖေ့စ်ဘွခ်)

အာရှနဲ့ အာဖရိကဒေသတဝှမ်းမှာ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပြီး ကုန်သွယ်မှု သဘောတူညီချက်တွေ ရယူပြီးတော့ စီးပွားရေးတိုးတက်အောင်လုပ်ဖို့ တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်ကြီးတဲ့ မဟာဗျူဟာကို တရုတ်ခေါင်းဆောင်က ချပြပြောဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာရှ-အာဖရိက ညီလာခံအတွင်း တရုတ်သမ္မတ ရှီ ကျင့်ဖျင် က အဲဒီလို ချပြသွားတာပါ။

အဲဒီညီလာခံအတွင်းမှာပဲ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ သမ္မတဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးမှာ အမြင့်ဆုံး အနေအထားသစ်ကိုရောက်ဖို့ မျှော်လင့်တဲ့အကြောင်း မစ္စတာ ရှီ က ပြောပါတယ်။ ဗွီအိုအေသတင်းထောက် Brian Padden ရဲ့သတင်းလွှာနဲ့ CCTV သတင်းကို အခြေခံပြီး ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းတွေအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမယ့် ပိုးလမ်းမသစ်အတွက် အစီအစဉ်တွေကို လွန်ခဲ့တဲ့လအတွင်း တရုတ်နိုင်ငံက ချပြထားပါတယ်။ အာရှဒေသအများစု၊ အရှေ့အလယ်ပိုင်းနဲ့ ဥရောပတိုက်အထိ ဆက်သွယ်မယ့် ကားလမ်းတွေ၊ ရထားလမ်းတွေနဲ့ ပိုက်လိုင်းတွေ စသည်အားဖြင့် တည်ဆောက်ဖို့ပါ။

One Belt, One Road လို့ခေါ်တဲ့ ဒီအစီအစဉ်ထဲမှာ တရုတ်က ဆိပ်ကမ်းတွေနဲ့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက ဆိပ်ကမ်းတွေအကြား ဆက်သွယ်မယ့် ရေကြောင်းကုန်သွယ်ရေးလမ်းတခုကို ဖော်ထုတ်ဖို့လည်း ပါဝင်ပါတယ်။

ဒီအစီအစဉ်က စီးပွားရေးတိုးချဲ့ဖို့ စိတ်အားထက်သန်နေတဲ့ နိုင်ငံတွေကို ချိတ်ဆက်ပေးမှာဖြစ်သလို ကမ္ဘာ့ကုန်သွယ်ရေးမှာ တရုတ်နိုင်ငံရဲ့ နဂိုကတည်းက အရေးပါနေပြီးသား စီးပွားရေးကဏ္ဍကိုလည်း တိုးမြှင့်ပေးမှာဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့စီးပွားရေးကို မြှင့်တင်တာမှာ အထောက်အကူပြုဖို့ အဲဒီနိုင်ငံတွေက တင်သွင်းကုန်အများအပြားအပေါ် အခွန် အကောက်တွေ နောက်ထပ်လျှော့ချပေးမယ်လို့ ညီလာခံတက်ရောက်လာတဲ့ နိုင်ငံ ၁၀၀ ကျော်က နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် ကိုယ်စားလှယ်တွေကို ဗုဒ္ဓဟူးနေ့မှာ သမ္မတ ရှီ ကျင့်ဖျင်က ပြောပါတယ်။

“တရုတ်နိုင်ငံနဲ့ သံတမန် အဆက်အသွယ်ရှိတဲ့ ဖွံ့ဖြိုးမှုနိမ့် နိုင်ငံတွေ အားလုံးကနေတင်ပို့တဲ့ ကုန်ပစ္စည်းအားလုံးရဲ့ ၉၇% ပေါ် အခွန်ကောက်ခံတာကို ဒီနှစ်ကုန်မှာ လုံး၀ ပယ်ဖျက်ပေးပါမယ်။ ဒါ့အပြင် နိုင်ငံရေးအရ ကန့်သတ်ချက်တွေ မထားဘဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အကူအညီ အထောက်အပံ့တွေ ဆက်ပေးသွားပါမယ်။”

တရုတ်ရဲ့စီးပွားရေးအစီအစဉ်ဟာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အားပေးမယ့် နှစ်ဦးနှစ်ဘက် အကျိုးရှိမယ့် အစီအစဉ် ဖြစ်တယ်လို့ တရုတ်သမ္မတက ဆိုပါတယ်။

သမ္မတဦးသိန်းစိန်ဟာလည်း ဗုဒ္ဓဟူးနေ့မှာပဲ ညီလာခံမှာ မိန့်ခွန်းပြောပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှု တိုးတက်စေရေးအတွက် ဖွံ့ဖြိုးဆဲ နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း ခေါင်းစဉ်နဲ့ အာရှ-အာဖရိက ညီလာခံရဲ့ နှစ် (၆၀) ပြည့် အထိမ်းအမှတ်၊ ဘန်ဒေါင်းညီလာခံကို အမှတ်ရစေဖို့ မိမိတို့အားလုံး ဒီနေရာမှာ ရောက်နေရတဲ့အတွက် ကျေနပ်အားရ ဖြစ်မိပါကြောင်း ပြောပါတယ်။

“အာရှ-အာဖရိက နိုင်ငံတွေအကြား ပိုမိုတည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးကို ရှေးရှုပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ဆက်ပြီး တိုးမြှင့်စေဖို့နဲ့ အဓွန့်ရှည်တည်တံ့စေဖို့ ကျနော်တို့ ထပ်ပြီး ကတိပြုပါတယ်။”

တရုတ်သမ္မတနဲ့ မြန်မာသမ္မတတို့ဟာ အဲဒီနေ့တရက်ထဲမှာပဲ ညီလာခံပြင်ပမှာ သီးခြား တွေ့ဆုံဆွေးနွေးကြပါတယ်။ One Belt, One Road အစီအစဉ်နဲ့ တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့အကြား စီးပွားရေးနဲ့ ကုန်သွယ်ရေးတွေကို အပြန်အလှန် ဝင်ထွက်သွားလာလုပ်ကိုင်နိုင်မယ့် အစီအစဉ်တွေအပေါ် မြန်မာနိုင်ငံက ထောက်ခံတာကို တရုတ်သမ္မတက အသိအမှတ်ပြု ပြောဆိုပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေနဲ့ ပတ်သက်လို့တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေတဆင့် ပြဿနာကိုဖြေရှင်းဖို့ မြန်မာနိုင်ငံက ကြိုးပမ်းနေတာကို တရုတ်က ထောက်ခံကြောင်းနဲ့ တိုးတက်မှုအသစ်တွေကိုမြင်ရဖို့ မျှော်လင့်ကြောင်း မစ္စတာ ရှီ က အလေးအနက် ပြောသွားပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းဒေသ တည်ငြိမ်ရေးနဲ့ လူထု ဘေးကင်းလုံခြုံရေးအတွက် မြန်မာအစိုးရအနေနဲ့ လုပ်ဆောင်နေကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေသလိုပဲ ပြန်လည်တည်ဆောက်ရေးကို အရှိန်မြှင့် လုပ်ဆောင်ဖို့ မျှော်လင့်ထားကြောင်း သမ္မတဦးသိန်းစိန်က ပြောတယ်လို့ CCTV သတင်းမှာ ဖော်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဂျကာတာမြို့တော်မှာကျင်းပနေတဲ့ အခုညီလာခံပြင်ပမှာ တရုတ်သမ္မတနဲ့ သီးခြားတွေ့ဆုံတဲ့အပြင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်က် ဟာဆီနာ (Sheikh Hasina) နဲ့လည်း သီးခြားတွေ့ဆုံတာကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ထားတာ တွေ့ရပါတယ်။

အာရှ-အာဖရိက ညီလာခံဟာ ဒီကနေ့ ကြာသပတေးနေ့မှာ အဆုံးသတ်မှာဖြစ်ပြီး ပူးပေါင်းဆောင်မှုဆိုင်ရာ မူဘောင်အသစ်တခု ထွက်လာဖို့နဲ့ နှစ်နိုင်ငံချင်းကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ထွက်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။

XS
SM
MD
LG