အင်ဒိုနီးရှားနိုင်ငံ ၊ ဂျကာတာမြို့မှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စတင်မယ့် အာရှ - အာဖရိက ထိပ်သီးစည်းဝေးပွဲကို တက်ဖို့အတွက် အာရှနဲ့ အာဖရိက နိုင်ငံတွေက ခေါင်းဆောင်တွေ ဂျကာတာမြို့တော်ကို အင်္ဂါနေ့က စတင် ရောက်လာနေကြပြီ ဖြစ်ပါတယ်။
၁၉၅၅ ခုနှစ် စစ်အေးခေတ်မတိုင်ခင် ဘက်မလိုက်နိုင်ငံများအဖွဲ့ ဖြစ်ပေါ်လာရေးကို အစပျိုးပေးလိုက်တဲ့ ဒီ အာရှ - အာဖရိက ထိပ်သီးညီလာခံရဲ့ နှစ် (၆၀) မြောက် အထိမ်းအမှတ်စည်းဝေးပွဲကို တက်ရောက်ဖို့ မြန်မာသမ္မတဦးသိန်းစိန်ဟာလည်း အင်ဒိုနီးရှားနိုင်ငံကို မနေ့က အင်္ဂါနေ့က ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
၁၉၅၅ ခုနှစ်က ကိုလိုနီ စံနစ်အောက်ကနေ လွတ်မြောက်ပြီး အဲဒီအချိန်က လွတ်လပ်တဲ့ နိုင်ငံတွေဖြစ်လာခါစ မူလညီလာခံကို တက်ရောက်ခဲ့ကြတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေဟာ ဘန်ဒေါင်းညီလာခံလို့ခေါ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ တွေ့ဆုံခဲ့ကြတာပါ။
အခုကျင်းပတဲ့ ထိပ်သီးညီလာခံကို မြန်မာ၊ တရုတ်၊ ဂျပန်၊ ဘရူနိုင်း၊ မလေးရှားတို့ အပါအဝင် နိုင်ငံပေါင်း ၃ဝ ကျော်က ခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ တောင်အာဖရိကသမ္မတ Jacob Zuma ကတော့ မူလက ညီလာခံကို တက်ရောက်ဖို့ စီစဉ်ထားပေမယ့် တိုင်းပြည်အတွင်း လူဝင်မှုကြီးကြပ်ရေး ဆန့်ကျင်တဲ့ အကြမ်းဖက် ဆူပူမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် အနားကပ်မှ ညီလာခံတက်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။
အာရှနဲ့ အာဖရိကတိုက်ကြီး ၂ တိုက်အတွက် ဂျပန်နိုင်ငံက ငြိမ်းချမ်းရေးနဲ့ ချမ်းသာဝပြောရေးဆိုင်ရာ အကူအညီတွေ ပေးမယ့်အစီအစဉ်ကို ဒီညီလာခံ အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးက တင်ပြသွားဖို့ ရှိပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန် စစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဝန်ကြီးချုပ် ရှင်ဇို အာဘေးအနေနဲ့ ဒီညီလာခံအတွင်း တောင်းပန်မလားဆိုတဲ့အပေါ် တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က အနီးကပ် စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။