သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှနဲ့ မြန်မာ့လေကြောင်း လုပ်ငန်း


လေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အားကောင်းလာမယ့် အလားအလာတွေ ရှိနေတဲ့ အာရှဒေသက အကြီးဆုံး လေကြောင်းပြပွဲ တစ်ခုကို စင်္ကာပူနိုင်ငံက ကမကထလုပ် ကျင်းပရာမှာတော့ ခေတ်ပေါ် နည်းပညာသစ်တွေ၊ ကာကွယ်ရေး စနစ်သစ်တွေ ပါဝင်ခဲ့ပါတယ်။ သီတင်းတစ်ပတ်နီးပါးကြာ လေကြောင်းပြပွဲအတွင်း မြန်မာနိုင်ငံ အပါအဝင်၊ အာရှဒေသက လေကြောင်း လုပ်ငန်းတွေ တိုးချဲ့မယ့် အစီအစဉ်တွေကိုလည်း ကြေညာခဲ့တာပါ။ အာရှဒေသက ကြီးထွားလာနေတဲ့ လေကြောင်း လုပ်ငန်းတွေ အကြောင်းကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။

၂၀၁၄ ခုနှစ် စင်္ကာပူလေကြောင်း ပြပွဲမှာတော့ တောင်ကိုရီးယားက Black Eagles ကအစ ပြင်သစ်နိုင်ငံက Airbus A350 အဆုံး အရပ်ဖက်နဲ့ စစ်သုံးလေယာဉ်တွေ၊ ကာကွယ်ရေး စနစ်တွေကို ခင်းကျင်းပြသကြပါတယ်။ ကမ္ဘာပေါ်မှာ ထိပ်တန်း လေကြောင်း ပြပွဲတစ်ခုအဖြစ်နဲ့ သမားရိုးကျ လေကြောင်း လုပ်ငန်းတွေအတွက် နောက်ဆုံးပေါ် လေယာဉ်တွေ၊ ခရီးသွားတွေအတွက် ခေတ်မှီ ဖျော်ဖြေရေး နည်းပညာသစ်တွေ ပါဝင်သလို၊ ကာကွယ်ရေး လုပ်ငန်းတွေမှာ နာမည်ကျော်တဲ့ အစ္စရေးလ်နိုင်ငံက နောက်ဆုံးပေါ် Iron Beam လို့ အမည်ပေးထားတဲ့ ကာကွယ်ရေး စနစ်သစ်တွေကိုလည်း ပြသခဲ့ကြတာပါ။

အစ္စရေးလ်ကုမ္ပဏီဖြစ်တဲ့ Rafael ခေတ်ပေါ် ကာကွယ်ရေးစနစ်က လက်ထောက် မန်နေဂျာတဦးဖြစ်တဲ့ Esra Senderovits ကတော့ တာတိုပစ် ဒုံးကျည်တွေကို ကြားဖြတ် ထောက်လှမ်းပြီး လေဆာရောင်ခြည်နဲ့ ပစ်ချနိုင်တဲ့ စနစ်သစ်တစ်ခုလို့ ရှင်းပြပါတယ်။
“Iron Beam ကတော့ ပုံစံသစ်နဲ့ တန်ဘိုးကြီးမားတဲ့ ပစ္စည်းတွေ၊ အရေးပါ အရာရောက်တဲ့ နေရာတွေကို မစ်ဇိုင်းဒုံးကျည်တို့၊ မော်တာကျည်ဆံတို့၊ အဝေးထိန်း လေယာဉ်မျိုးတွေလို ခြိမ်းခြောက်မှုတွေကနေ အကာအကွယ်ပေးမယ့် နည်းပညာသစ်ပါ။ ဒီနည်းစနစ်သစ်က မစ်ဇိုင်းဒုံးကျည်လိုမျိုးတော့ မဟုတ်ပါဘူး။ ခြိမ်းခြောက်လာတဲ့ အန္တာရာယ်ကို လေဆာရောင်ခြည်သုံးပြီး ရှင်းလင်းတာမျိုးပါ။”

စင်္ကာပူလေကြောင်းပြပွဲအတွင်း ကာကွယ်ရေး စနစ်သာမက နောက်ဆုံးပေါ် ဖျော်ဖြေရေး အစီအစဉ်တွေကိုလည်း တွေ့ရပါတယ်။ ဂျာမနီနိုင်ငံက Lufthansa ကတော့ နာမည်ကျော် Microsoft ကုမ္ပဏီနဲ့ ပူးတွဲပြီး ဝိုင်ယာလက် နည်းပညာကို အခြေခံတဲ့ ခရီးသွားတွေအတွက် ဖျော်ဖြေရေး အစီအစဉ်တွေကို ပြသခဲ့တာပါ။ အရင်လို ထိုင်ခုံတွေရှေ့မှာ တီဗွီတွေ တပ်ဆင်ထားတာမျိုး မဟုတ်တော့ပဲ ခရီးသည်တွေရဲ့ လက်ကိုင်ဖုန်းတွေပေါ်မှာ ဖျော်ဖြေရေး အစီအစဉ်တွေကို တိုက်ရိုက် ကြည့်နိုင်အောင် ဖန်တီးထားတဲ့ နည်းပညာသစ်ဟာ အကုန်အကျများကောင်း များနိုင်ပေမဲ့ တီဗွီတွေတပ်ဆင်ရမယ့် ကုန်ကျစရိတ်နဲ့ အလေးချိန် လျော့တာမျိုးလို အပေါင်းလက္ခဏာတွေလည်း ရှိတဲ့အကြောင်း Lufthansa ကုမ္ပဏီရဲ့ မန်နေဂျာ တစ်ဦးဖြစ်တဲ့ Fabian Prange ကပြောပါတယ်။
“သမားရိုးကျ IFI စနစ်နဲ့ယှဉ်မယ်ဆိုရင် ပိုကောင်းတာကတော့ ထိုင်ခုံတိုင်းမှာ တီဗွီတွေ တပ်ထားစရာ မလိုသလို၊ လေယာဉ်ပေါ်က ဖျော်ဖြေရေး အစီအစဉ်အတွက် Cable ကြိုးတွေလည်း တပ်ဖို့မလိုပါဘူး။ လေယာဉ်အရွယ်အစားပေါ် မူတည်ပြီး အလေးချိန် သက်သာတာကတော့ ကွာခြားချက်ရှိမှာပါ။ အသင့်အတင့် ဂျက်လေယာဉ် တစင်းအတွက် ဆိုရင်တော့ ကီလို ၅၀၀ လောက် လျော့သွားမှာ ဖြစ်တာကြောင့် လေကြောင်းလိုင်းတွေအတွက် ဆီဘိုးသက်သာမှာ ဖြစ်ပေမဲ့ တဖက်မှာတော့ ပိုပေးရမှာပေါ့လေ။”

အမေရိကန် လေယာဉ်တည်ဆောက်ရေး လုပ်ငန်းတခုဖြစ်တဲ့ Boeing Group ရဲ့ လက်အောက်ခံ Jeppesen ကလည်း စက္ကူတွေ ချွေတာနိုင်မယ့် နည်းပညာသစ် တစ်ခုကို ပြသခဲ့တာပါ။ လေယာဉ် လက်စွဲစာအုပ်တွေ၊ ခရီးဆောင် အိတ်တွေအစား အချက်အလက်တွေ ထည့်သွင်းထားတဲ့ Tablet တွေလို ဒဂျစ်တယ် နည်းပညာတွေနဲ့ အစားထိုးမယ့်အတွက် လေယာဉ်အလေးချိန် လျော့ပါးပြီး၊ လောင်စာဆီကို ချွေတာရာ ရောက်သလို၊ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်လိမ့်မယ်လို့လည်း ဖန်တီးသူတွေ မျှော်လင့်နေကြပါတယ်။ လေယာဉ် တည်ဆောက်သူတွေ၊ နည်းပညာ ကုမ္ပဏီတွေနဲ့ ကာကွယ်ရေး လုပ်ငန်းတွေကတော့ အာရှဒေသက တနေ့တခြား ကြီးထွားလာနေတဲ့ လေကြောင်းလုပ်ငန်း ဈေးကွက်မှာ နေရာယူနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အလုအယက် ကြိုးပမ်းလာကြတာပါ။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်တဲ့ ICF International ရဲ့ လေကြောင်းဌာန အကြီးအကဲ David Stewart တို့လို ကျွမ်းကျင်သူတွေကတော့ အာရှတိုက်က လေကြောင်း လုပ်ငန်းတွေဟာ နောင်ဆိုရင် အနောက်နိုင်ငံတွေကိုတော့ ကျော်တက် သွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
“လေကြောင်းလုပ်ငန်းတွေက ဆက်ပြီး တိုးတက်ဦးမှာပါ။ အာရှမှာ ၂၀၃၀ ပြည့်နှစ်လောက်ကျရင် ၃ ဆလောက်တိုးပြီး သန်းပေါင်း ၅ ထောင်လောက်အထိ ဖြစ်နိုင်ပါတယ်။ အခုလည်းပဲ လေကြောင်းလုပ်ငန်းတွေ အာရှမှာ အရှိန်ကောင်းကောင်းနဲ့ တိုးတက် နေတာက မြောက်အမေရိကတို့၊ ဥရောပတို့ထက်တောင် ပိုကြီးပါတယ်။”

စင်္ကာပူ လေကြောင်းပြပွဲမှာကိုပဲ အာရှဒေသက လေကြောင်းလုပ်ငန်းတွေ တိုးချဲ့မယ့် အစီအစဉ်သစ်တွေကို ကြေညာတာတွေ၊ သဘောတူလက်မှတ် ရေးထိုးကြတာတွေလည်း တွေ့ရပါတယ်။ ထိုင်းနိုင်ငံက Nok Airlines ဟာ ဆိုရင်လည်း ဒေါ်လာသန်းပေါင်း ၁,၄၅၀ တန်ဘိုးရှိတဲ့ Boeing 737 လေယာဉ် ၁၅ စင်းကို မှာယူမယ့်အကြောင်း ကြေညာခဲ့တာပါ။ Nok Airlines ရဲ့ အမှုဆောင် အရာရှိချုပ် Patee Sarasin ကတော့ 737-800 လေယာဉ် ၈ စင်းနဲ့ 737 Max-8 အမျိုးအစား လေယာဉ် ၇ စင်းကို Boeing ကုမ္ပဏီက မှာယူပြီး လုပ်ငန်းတွေ တိုးချဲ့သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပြည်တွင်းပြည်ပ ခရီးစဉ်တွေကို ဈေးချိုချိုနဲ့ ပြေးဆွဲပြီး လုပ်ငန်းတွေ တိုးချဲ့နေတဲ့ ထိုင်းနိုင်ငံက Nok Airlines အတွက်တော့ အခုနောက်ဆုံး သဘောတူညီချက်ဟာ ကြီးမားတဲ့ စိမ်ခေါ်မှု တစ်ခုလို့လည်း သူကဆိုပါတယ်။
“ရှေ့လာမယ့် ၃ - ၄ နှစ်မှာ၊ ပြောရမယ်ဆိုရင် ၂၀၁၈ ခုနှစ်အထိ 737-800 နဲ့ နောက်ဆုံးပေါ် Max အမျိုးအစား အပါအဝင် Boeing လေယာဉ်အသစ် ၁၅ စင်း မှာယူဖို့ သဘောတူညီချက် ရရှိထားပါတယ်။ လုပ်ငန်းတွေကိုတော့ သတိထားပြီး တဖြေးဖြေးချင်း တိုးချဲ့မှာပါ။ အထူးသဖြင့် ထိုင်းနိုင်ငံက လတ်တလော အခြေအနေတွေကြောင့် အန္တာရာယ်လည်း ကြီးပါတယ်။”

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တွင်ကျယ်လာနေရာက သယ်ယူပို့ဆောင်ရေး လိုအပ်ချက်တွေ ကြီးထွားလာနေတဲ့ မြန်မာနိုင်ငံကလည်း လေကြောင်းလုပ်ငန်းတွေ တိုးချဲ့ဖို့ အမေရိကန် ပြည်ထောင်စုက General Electric ကုမ္ပဏီရဲ့ လေကြောင်း ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ GECAS ထံက Boeing 737 လေယာဉ် ၁၀ စင်း ငှားရမ်းမယ့် အစီအစဉ်ကို စင်္ကာပူ လေကြောင်းပြပွဲ အတွင်းမှာပဲ ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဉာဏ်ထွန်းအောင် ကတော့ ၁၉၉၃ ခုနှစ် ကတည်းက ရပ်ဆိုင်းထားရတဲ့ ပြည်ပခရီးစဉ်တွေကိုပါ ပြန်လည် ပြေးဆွဲနိုင်ဖို့ ရည်ရွယ် ငှားရမ်းတာ ဖြစ်တဲ့အကြောင်း စင်္ကာပူ လေကြောင်းပြပွဲ ဖွင့်ပွဲနေ့က သဘောတူညီချက်ကို လက်မှတ်ရေးထိုးရာမှာ ပြောဆိုခဲ့တာပါ။

စုစုပေါင်း ဒေါ်လာသန်းပေါင်း ၉၆၀ တန်ဘိုးရှိတဲ့ Boeing 737-800 အမျိုးအစား ၆ စင်းနဲ့ 737-Max အမျိုးအစား ၄ စင်းကိုတော့ ရှေ့နှစ် ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံကို တင်ပို့သွားမှာ ဖြစ်တယ်လို့လည်း GE ကုမ္ပဏီရဲ့ ကြေညာချက်က ဖော်ပြပါတယ်။ အခုနောက်ဆုံး မှာယူထားတဲ့ Boeing လေယာဉ်တွေ ရောက်လာတဲ့ အခါကျရင်တော့ ဂျပန်၊ တောင်ကိုရီးယားတို့လို အာရှခရီးစဉ်တွေကို စတင်တိုးချဲ့သွားဖို့ ရည်ရွယ်ထားတဲ့ အကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် ကပြောဆိုခဲ့တာပါ။

၁၉၄၈ ခုနှစ်က စတင်ထူထောင်ခဲ့တဲ့ မြန်မာ့လေကြောင်းဟာ လတ်တလောမှာတော့ Cessna လေယာဉ်ငယ်တွေနဲ့ Fokker ဂျက်လေယာဉ်တချို့ အပါအဝင် လေယာဉ်ဟောင်းတွေနဲ့ ပြည်တွင်း ခရီးစဉ်တွေအတွက် ဝန်ဆောင်မှု ပေးနေတာဖြစ်ပြီး၊ ပြည်ပခရီးစဉ်ဆိုလို့ အိန္ဒိယနိုင်ငံက ဗုဒ္ဓဂယာ ခရီးစဉ်သာ ပြေးဆွဲနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင် နှစ်တွေအတွင်း နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေနဲ့အတူ ခရီးသွားလုပ်ငန်း၊ လေကြောင်းလုပ်ငန်းတွေ ကြီးထွားလာနေပေမဲ့လည်း လေယာဉ်ကွင်းတွေလို အခြေခံ အဆောက်အအုံတွေ၊ ကျွမ်းကျင်သူ ဝန်ထမ်းလို လူသားအရင်းအမြစ် လိုအပ်ချက်တွေ စတဲ့ စိန်ခေါ်မှုတွေကလည်း ကြီးကြီးမားမား ရှိနေဆဲဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားလိုက်ပါရစေ။
XS
SM
MD
LG