သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး အာရှက ကယ်နိုင်မလား?


အမေရိကန်နဲ့ ဥရောပတလွှားမှာ စီးပွားရေး ကျဆင်းမှုတွေနဲ့အတူ စတော့ခ်ရှယ်ယာ ဈေးကွက်တွေမှာလည်း အဆုံးအရှုံးတွေ ကြုံနေရပါတယ်။
အမေရိကန်နဲ့ ဥရောပတလွှားမှာ စီးပွားရေး ကျဆင်းမှုတွေနဲ့အတူ စတော့ခ်ရှယ်ယာ ဈေးကွက်တွေမှာလည်း အဆုံးအရှုံးတွေ ကြုံနေရပါတယ်။

စက်တင်ဘာ ၁၂၊ ၂၀၁၁-စီးပွားရေး အရှိန်ကောင်းနေတဲ့ အာရှနိုင်ငံတွေ ကျဆင်းနေတဲ့ ကမ္ဘာ့စီးပွားရေးကို ကျားကန်ပေးနိုင်မှာလား သံသယရှိစရာပါ။

စီးပွားရေး တောင့်တင်းတဲ့ အနောက်နိုင်ငံတွေမှာ ပြဿနာတွေ ကြုံနေရပေမဲ့ အာရှတိုက်က တိုးတက်မှု အရှိန်ကောင်းလာတဲ့ တိုင်းပြည်တွေက ဒီအခြေအနေတွေကို အဖတ်ဆယ်နိုင်မယ်လို့ အစောပိုင်း ခန့်မှန်းထားကြပေမဲ့ အခုအခါ ဒီနိုင်ငံတွေမှာပါ ဖွံ့ဖြိုးမှုတွေ အားလျော့လာနေပါတယ်။ ကမ္ဘာတဝန်း စီးပွားရေး အခြေအနေတွေဟာလည်း အနှုတ်လက္ခဏာသာ ပြသနေတာမို့ နောက်တကြိမ် အကျပ်အတည်း ဆိုက်မယ့်အဖြစ်အထိ ရောက်လာမှာကို ပူပမ်လာကြတဲ့အထိပါ။ အန္တာရာယ်ရှိတဲ့ အဆင့်အထိ ဦးတည်လာနေတဲ့ ကမ္ဘာ့စီးပွားရေးနဲ့ အာရှတလွှားက အခြေအနေတွေအပေါ် ကျွမ်းကျင်သူတွေ ဘယ်လိုသုံးသပ်ရှုမြင် နေကြသလဲ ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

ကမ္ဘာတဝန်း စီးပွားရေး အခြေအနေတွေဟာ အန္တာရာယ်ရှိတဲ့ ကာလတခုကို ချဉ်းကပ်လာနေတဲ့အကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက စက်တင်ဘာလဆန်းပိုင်း အာရှခရီးစဉ်အတွင်း သတိပေးလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုက စီးပွားရေး ကျဆင်းမှုနဲ့ အလုပ်အကိုင်တွေ မရနိုင်ပဲ ဖြစ်နေရတာ၊ ဥရောပ ယူရိုငွေကြေးသုံး နိုင်ငံတွေက ကြွေးမြီပြဿနာ စတာတွေက အခြေအနေတွေကို ပိုဆိုးအောင် တွန်းအားပေး နေတယ်လို့လည်း ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ရောဘတ် ဇိုးလစ်ခ် (Robert Zoellick) က ပြောလိုက်တာပါ။ ဒီလိုအနောက်နိုင်ငံတွေမှာ စီးပွားရေး အခြေအနေတွေ ကျဆင်းလာနေတယ် ဆိုပေမဲ့လည်း အာရှဒေသမှာ တိုးတက်မှု အလားအလာကောင်းတွေ တွေ့မြင်နေကြရတဲ့အတွက် ကမ္ဘာ့စီးပွားရေးမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း စီးပွားရေးမှာ ထိပ်တန်းရောက်လာနေတဲ့ အာရှက တရုတ်နဲ့ အိန္ဒိယတို့လို နိုင်ငံတွေမှာပါ အခုအခါ ဖွံ့ဖြိုးမှုတွေ ကျဆင်းနေတဲ့ အခြေအနေတွေနဲ့ ကြုံနေရတာမို့ မျှော်လင့်သလောက် ဖြစ်လာပါ့မလား ဆိုတာကိုတော့ ဗြိတိန်နိုင်ငံ အခြေစိုက် ထင်ရှားတဲ့ Caxton FX ကုမ္ပဏီက စီးပွားရေး ကျွမ်းကျင်သူ ရစ်ချက် ဒရိုင်ဘာ (Richard Driver) တို့လို ဆန်းစစ်သူတွေက သံသယရှိနေကြတာပါ။
“လူအများစုက တရုတ်လို နိုင်ငံမျိုးတွေက ကျန်တဲ့ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ကယ်နိုင်မလားဆိုပြီး မြင်ကြတာ ရှိပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ မေ့မထားသင့်တာက တရုတ်နိုင်ငံမှာလည်း ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ ကိန်းဂဏန်းတွေ လျော့ကျလာတာလို စီးပွားရေး နှေးကွေးလာနေတာပဲ ဖြစ်ပါတယ်။”

တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ ဇူလိုင်လထဲတုန်းက ၄၉.၃% သာရှိခဲ့တာမို့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်အတွင်း အနိမ့်ဆုံးအဖြစ် ကျဆင်းခဲ့တာပါ။ ကမ္ဘာပေါ်မှာ ဒုတိယ စီးပွားရေး အင်အားအကောင်းဆုံး ဖြစ်လာတဲ့အထိ ဖွံ့ဖြိုးမှုတွေ ရှိနေပေမဲ့ ပြည်ပပို့ကုန်တွေမှာ ဝယ်လိုအားလျော့လာတာလို စိမ်ခေါ်မှုမျိုးတွေ ရှိနေတဲ့အကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားငွေကြေး လဲလှယ်ရေးဌာန အကြီးအကဲက မကြာသေးခင်ကပဲ အသိအမှတ်ပြု ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ တရုတ်နိုင်ငံ အနေနဲ့ ပြည်ပကုန်တင်ပို့မှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေအပေါ် သိပ်ပြီး အားမထားဖို့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဇိုးလစ်ခ် က အာရှခရီးစဉ်အတွင်း ဘေဂျင်းမြို့တော်ကို ရောက်ချိန်မှာ သတိပေးခဲ့တာပါ။ စီးပွားရေး ဖွံ့ဖြိုးမှုတွေကို ထိန်းထားနိုင်အောင်၊ ပြည်တွင်း ဈေးကွက်မှာ ဝယ်လိုအား ကောင်းလာအောင် လုပ်ဖို့နဲ့ ပညာရေးနဲ့ လူမှုရေးဝန်ဆောင်မှုတွေမှာ ပိုမိုသုံးစွဲတာလို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အတွက်လည်း တိုက်တွန်းသွားပါတယ်။ ရေတိုဖြေရှင်းရမယ့် ပြဿနာအဖြစ်နဲ့ကတော့ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ လိုအပ်ကြောင်းလည်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ပြောခဲ့တာပါ။

ပြည်ပပို့ကုန်နဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်ဆောင်ပေးနေကြတဲ့ အာရှနိုင်ငံတွေမှာ အနောက်နိုင်ငံတွေက စီးပွားရေး ကျဆင်းမှုတွေရဲ့ အကျိုးဆက်တွေကို ခံနေရတဲ့အထဲ၊ အာရှကနောက်ထပ် စီးပွားရေး အရှိန်အဟုန်ကောင်းနေတဲ့ အိန္ဒိယနိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ် ဒုတိယ ၃ လပတ်ကာလမှာ ဖွံ့ဖြိုးမှုပမာဏဟာ ၇.၇% သာရှိခဲ့တာမို့ ဒါဟာဆိုရင် အရင်တနှစ် ဒီလိုအချိန်မှာ ၈.၈% ရှိနေတာထက် လျော့နည်းခဲ့တာပါ။ အိန္ဒိယကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ မကြာသေးခင်က ဆန်းစစ်ချက် တခုထဲမှာတော့ ပြည်တွင်းပြည်ပက အခြေအနေတွေကြောင့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်ဖို့ ယုံကြည်မှုတွေဟာ ၂ နှစ်အတွင်း စံချိန်ချိုးအောင် ကျဆင်းခဲ့တဲ့အကြောင်း ဖော်ပြခဲ့တာပါ။

မကြာသေးခင် လတွေအတွင်း ရင်းနှီးမြုပ်နှံမှုတွေ သိသိသာသာ ကျဆင်းလာနေတဲ့အတွက် လုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ကြုံနေရတယ်လို့ အိန္ဒိယနိုင်ငံမှာရှိတဲ့ RPG Goenka ဖောင်ဒေးရှင်းက စီးပွားရေးပညာရှင် ဒီ အိပ်ချ် ပိုင် ပန်နင်ဒီကာ (D. H Pai Panindiker) က ပြောပါတယ်။
“အစုရှယ်ယာ ဈေးကွက်မှာ ကမောက်ကမ အခြေအနေတွေကြောင့် လုပ်ငန်းတွေမှာ ငွေပင်ငွေရင်းတွေ မတိုးချဲ့နိုင်ကြပါဘူး။ ဇန်နဝါရီလကတည်းကဆိုရင် ရှယ်ယာဈေးတွေဟာ ၁၃ ကနေ ၁၄% နီးပါး ကျဆင်းခဲ့တာပါ။ ဒီအခြေအနေက ကုမ္ပဏီတွေအတွက် အရင်းအနှီးတွေ ထပ်ပြီးစိုက်ထုတ်ဖို့ အခက်အခဲ ရှိပါတယ်။”

စီးပွားရေး အင်အားကြီး အနောက်နိုင်ငံတွေက ပြဿနာတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအဖြစ်နဲ့ သိသိသာသာ တွေ့နေရတာ တခုကတော့ ကမ္ဘာတလွှား စတော့ခ်ရှယ်ယာ ဈေးကွက်တွေမှာ စံချိန်ချိုးလောက်အောင် ကြုံနေရတာပါ။ အန္တာရာယ်ရှိတဲ့ အခြေအနေတွေကို ရှောင်ရှားဖို့အတွက် ရင်းနှီးမြုပ်နှံသူတွေ အစုရှယ်ယာတွေကို စုဆောင်းတာထက် ငွေသားအဖြစ်နဲ့ ပြောင်းလဲကိုင်တွယ် လာကြတာ၊ အစိုးရငွေစု စာချုပ်တွေ ဝယ်ယူတာတွေကို ပိုလုပ်လာတယ်လို့ Societe Generale ကော်ပိုရေးရှင်းက အာရှစီးပွားရေး ကျွမ်းကျင်သူ တော့ဒ် မာတင် (Todd Martin) ကပြောပါတယ်။ ဒီလို ရင်းနှီးမြုပ်နှံသူတွေ ရှယ်ယာတွေကို ထုတ်ရောင်းလာကြတာမို့ ငွေကြေး ဈေးကွက်ထဲမှာ ကမောက်ကမ ဖြစ်လာနေရတာလို့လည်း သူက သုံးသပ်ခဲ့တာပါ။
“အာရှဈေးကွက်ကို တိုက်ရိုက်သက်ရောက်မှုတွေ ရှိလာတဲ့ နောက်ထပ် အကြောင်းရင်း တခုကတော့ အာရှကနေ ဥရောပနဲ့ အမေရိကန်ကို တင်ပို့မှု နည်းပါးလာတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီမှာရှိတဲ့ လုပ်ငန်းတွေကို တိုက်ရိုက် ရိုက်ခတ်မှုတွေ ကြုံနေရတာပါ။”

ကမ္ဘာတဝန်း စီးပွားရေးအခြေအနေတွေမှာ အနှုတ်လက္ခဏာ ပြသတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေတဲ့ အတွက်လည်း ဒါဟာနောက်တကြိမ် စီးပွားရေး ကျဆင်းမှုတွေ ကြုံရမှာကို စိုးရိမ်မကင်းသံတွေလည်း ထွက်ပေါ် လာနေပါတယ်။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဇိုးလစ်ခ် ကတော့ အခြေအနေတွေဟာ အန္တာရာယ်ရှိတယ် ဆိုပေမဲ့ စီးပွားရေး အကျပ်အတည်းတွေ တကျော့ပြန် ကြုံလာရလေမလား အများက စိုးရိမ်နေသလောက်တော့ မဖြစ်နိုင်ဘူးလို့ အာရှခရီးစဉ်အဖြစ် စင်္ကာပူနိုင်ငံမှာ ရောက်နေတုန်း သတင်းထောက်တွေကို ပြောသွားတာပါ။
“အမေရိကန် ပြည်ထောင်စုနဲ့ ကမ္ဘာ့စီးပွားရေးဟာ နောက်တကြိမ် ကျဆင်းမယ့် အခြေအနေမျိုး ကြုံရလိမ့်မယ်လို့တော့ ကျနော် မထင်ပါဘူး။ ဒါပေမဲ့လည်း မရေရာမှု အတိုင်းအတာတွေက သိပ်မြင့်နေပြီး၊ အမေရိကန် စီးပွားရေးမှာတော့ နှေးကွေးမှုတွေ၊ အလုပ်လက်မဲ့နှုန်း မြင့်မားတာတွေကို ဆက်လက် တွေ့မြင်နိုင်တဲ့ အလားအလာတွေ ရှိတယ်လို့ ကျနော်ထင်ပါတယ်။ တကယ်တော့ ကျနော်တင် မကပါဘူး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲ ခရစ္စတင်း လာဂတ်ဒ် (Christine Lagarde) တို့လိုလူတွေ အလေးထား ပြောနေတာကတော့ ယူရိုငွေကြေးသုံး နိုင်ငံတွေက အဖြစ်အပျက်တွေဟာ ကမ္ဘာတဝန်းလုံးကို သက်ရောက်မှု ရှိနိုင်တယ် ဆိုတာပါပဲ။”

အမေရိကန်မှာ စီးပွားရေး ကျဆင်းမှုတွေ တကျော့ပြန် ကြုံရနိုင်တဲ့ အခြေအနေမရှိနိုင်ဘူးလို့ ဆိုပေမဲ့ ဥရောပက မရေမရာ အခြေအနေတွေကြောင့် ခန့်မှန်းရတာ မလွယ်တဲ့အကြောင်းကိုလည်း ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌက အသိအမှတ်ပြု ပြောဆိုသွားခဲ့တာပါ။ ဥရောပ ယူရိုငွေကြေးသုံး တိုင်းပြည်တွေက ပြဿနာတွေကို ဖြေရှင်းရာမှာတော့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေအပေါ်မှာ မူတည်လိမ့်မယ်လို့လည်း ပြောပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ ငွေကြေးသုံးစွဲမှုတွေကို အကြီးအကျယ် ဖြတ်တောက်တာတွေ လုပ်တာထက် အစိုးရရဲ့ ကြွေးမြီလျှော့ချရေး လုပ်ငန်းတွေကို တဖြည်းဖြည်းချင်း လုပ်ဆောင်ရင်း ဈေးကွက်ထဲမှာ ယုံကြည်မှုတွေရအောင် လုပ်ဆောင်ရလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဇိုးလစ်ခ် က အကြံပြုခဲ့တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG