ရှားပါးတိရစ္ဆာန်တွေ နိုင်ငံတွေကျော်ဖြတ် မရောင်းဝယ်ရလို့ တားမြစ်နေတဲ့ ကြားကပဲ မြန်မာနိုင်ငံ အပါအ၀င် အာရှတခွင် ဒေသရိုးရာ ဘယဆေးဆိုင်တွေမှာ ၀က်ဝံသည်းခြေတွေ တွင်တွင်ကျယ်ကျယ် ရောင်းချနေတာ တွေ့ရတယ်လို့ ဗြိတိန်အခြေစိုက် နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က ပြောဆိုလိုက်ပါတယ်။
အာရှဝက်ဝံအမည်းနဲ့ Sun Bear ခေါ် ၀က်ဝံမျိုးဆက် ပျောက်ကွယ်လုနီးပါး အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် ၀က်ဝံကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ ရောင်းဝယ်နေတာကို တားဆီးရေး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ Traffic ခေါ် နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ရဲ့ ဒီနေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
မကာအိုကလွဲလို့ မြန်မာ၊ တရုတ်၊ ဟောင်ကောင်၊ မလေးရှားနဲ့ ဗီယက်နမ် အပါအ၀င် အာရှတခွင် ၁၃ နိုင်ငံက ရိုးရာ ဘယဆေးဆိုင်တွေမှာ ၀က်ဝံသည်းခြေတွေ ရောင်းချနေတာ တွေ့ရတယ်လို့ Traffic နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ရဲ့ သုတေသန စာတမ်းမှာ ဖော်ပြလိုက်တာပါ။
ဝက်ဝံသည်းခြေဟာ လည်ပင်း၊ လည်ချောင်းနာ အအေးမိတာကအစ ၀က်ရူးပြန်နဲ့ အကြောထုံးတာအဆုံး ပျောက်ကင်းအောင် အာနိသင် ရှိတယ်လို့ အာရှတိုက်သားတွေက ယုံကြည်နေကြပြီး တရုတ်ပြည်မကြီးကနေ အဓိက ဖြန့်ဖြူးနေတာလို့ ဆိုပါတယ်။
မြန်မာပြည်က ဘယဆေးဆိုင်တွေမှာ တွေ့ရတဲ့ ၀က်ဝံသည်းခြေတွေဟာ အိမ်နီးချင်း လာအိုနိုင်ငံကနေ မှောင်ခို တင်သွင်းတာလို့ ပြောပါတယ်။ ဟောင်ကောင် ဆေးဆိုင်တွေကတော့ ဂျပန်နိုင်ငံက တင်သွင်းတာလို့ ဆိုပါတယ်။ တောင်ကိုရီးယားက ဆေးဆိုင်တွေကတော့ ၀က်ဝံသည်းခြေကို ရုရှားနိုင်ငံကနေ တင်သွင်းလေ့ ရှိတယ်လို့ ပြောပါတယ်။