တောင်အာရှနိုင်ငံတွေမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အစိုးရတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ အရာမရောက်ဘူးလို့ Transparency International အဖွဲ့က ပြောလိုက်ပါတယ်။
တောင်အာရှမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တာမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မော်ဒိုက်၊ နီပေါ၊ ပါကစ္စတန် နဲ့ သီရိလင်္ကာနိုင်ငံတွေက အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းတွေရဲ့ အားထုတ် ဆောင်ရွက်မှုတွေကို သုံးသပ်ပြထားပါတယ်။
အဲဒီ ၆ နိုင်ငံလုံးမှာ အဂတိလိုက်စားတဲ့ကိစ္စ တာဝန်ရှိသူတွေကို အသိပေးဖို့၊ ဖော်ထုတ်ဖို့၊ စုံစမ်းစစ်ဆေးဖို့ ကြိုးစားမှုတွေမှာ ဥပဒေကြောင်းအရ အတားအဆီးတွေ ရှိနေတာ၊ နိုင်ငံရေးအရ ဆန့်ကျင်မှုတွေ ရှိနေတာ၊ နှောင့်ယှက်မှုတွေရှိနေတာ၊ အာဏာ အလွဲသုံးစားလုပ်မှုတွေ ရှိနေတာကြောင့် ထိထိရောက်ရောက် အရေးမယူနိုင်ဘဲ ဖြစ်နေတယ်လို့ Transparency International ရဲ့ အစီရင်ခံစာထဲမှာ ထောက်ပြထားပါတယ်။
အဲဒီနိုင်ငံတွေမှာ အစိုးရတွေရဲ့ လုပ်ဆောင်ချက်တွေ သိနိုင်မယ့် အဓိကကျတဲ့ အချက်အလက်တွေကို ပြည်သူတွေဘက်က မရနိုင်ကြတဲ့အပြင်၊ သတင်းပေးသူတွေကို အစိုးရတွေက ထိထိရောက်ရောက် အကာအကွယ် မပေးနိုင်ကြဘူးလို့ ဆိုပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့တွေရဲ့ လုပ်ငန်းတွေအပေါ်မှာ နိုင်ငံရေးအရ ဝင်ရောက် နှောင့်ယှက်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။