နိုင်ငံတကာ ဘဏ္ဍာရေးကျွမ်းကျင်သူတွေက ငွေကြေးဆိုင်ရာ ပြိုင်ဆိုင်မှုတွေ ဖြစ်လာမှာကို သတိပေးနေချိန်မှာပဲ၊ အာရှတလွှားက နိုင်ငံတွေမှာတော့ ငွေကြေးစီးဆင်းမှုတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာတွေလည်း ရှိနေပါတယ်။ တိုင်းပြည် စီးပွားရေးတွေ ထိခိုက်မှာ စိုးတဲ့အတွက် ငွေကြေးစီးဆင်းမှုတွေအပေါ် ကန့်သတ်လာမယ်ဆိုရင် ကမ္ဘာ့ဘဏ္ဍာရေးစနစ် မတည်မငြိမ်ဖြစ်မှာကို နိုင်ငံတကာ စီးပွားရေးကျွမ်းကျင်သူတွေက စိုးရိမ်နေကြတာပါ။
ဘဏ္ဍာငွေကြေး စနစ်တွေ ကမောက်ကမ ဖြစ်လာမယ်ဆိုရင် တိုင်းပြည်စီးပွားရေးတွေမှာ ဘယ်လောက်တောင် ရိုက်ခတ်မှုတွေ ရှိနိုင်မလဲ ဆိုတာကိုတော့ အာရှတိုက်ရဲ့ စီးပွားရေး အချက်အခြာ ဒေသတခုဖြစ်တဲ့ ဟောင်ကောင်ကနေ ဗွီအိုအေ သတင်းထာက် Heda Bayron က သုံးသပ်တင်ပြ ထားတာကို ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
ဂျပန်ယန်းငွေ တန်ဘိုးဟာ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ အောက်တိုဘာလ ပထမပတ်ကုန်မှာတော့ နှစ်ပေါင်း ၁၅ နှစ်အတွင်း အမြင့်ဆုံး နီးပါးအထိ ရောက်လာတာမို့ ၀န်ကြီးချုပ် နာအိုတို ခန် က ငွေကြေးလဲလှယ်မှုနှုန်းကို အနီးကပ် စောင့်ကြည့်သွားပြီး၊ လိုအပ်သလို ဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဂျပန်နိုင်ငံရဲ့ စီးပွားရေး ပြန်လည် နာလန်ထူလာစေဖို့ အခရာကျတဲ့ ပြည်ပို့ကုန် လုပ်ငန်းမှာတော့ ယန်းငွေတန်ဘိုး မြင့်တက်လာတဲ့အတွက် ထိခိုက်မှုတွေ ရှိခဲ့တာမို့ ငွေတန်ဘိုး လျော့ကျစေရေး ဂျပန်အစိုးရရဲ့ ဗဟိုဘဏ်ကလည်း မကြာသေးခင်ကပဲ ဈေးကွက်ထဲဝင်ပြီး ကြိုးပမ်းခဲ့ရတဲ့ အထိပါ။ ဒီလို အစိုးရတွေကိုယ်တိုင် ဈေးကွက်တွေထဲ ၀င်ရောက်စွက်ဖက်လာရတဲ့ အခြေအနေတွေကိုတော့ နိုင်ငံတကာ ဘဏ္ဍာရေး လုပ်ငန်းက အကြီးအကဲတွေက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
အစိုးရဗဟိုဘဏ်တွေက ၀င်ရောက်ကိုင်တွယ်လာတာမျိုး တခြားနိုင်ငံတွေမှာလည်း လုပ်ကိုင်လာကြမယ်ဆိုရင် ငွေကြေးဆိုင်ရာ စစ်ပွဲအသွင် ပေါ်ပေါက်လာမှာကို အထူးသဖြင့် ပူပမ်လာကြတာပါ။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာ ဒေါမနစ် စထောခန် (Dominique Strauss-Kahn) ကတော့ ကုန်သွယ်မှုတွေမှာ အသာစီးရစေဖို့ နိုင်ငံတွေ အနေနဲ့ ငွေကြေးကို အသုံးမချဖို့လည်း သတိပေးခဲ့ပါတယ်။ အာရှတလွှားက ဗဟိုဘဏ်တွေဟာ အတိတ်မှာတုန်းက ငွေကြေးအပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်တာမျိုးတွေ ရှိခဲ့ဘူးပေမဲ့၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာတော့ ဒါတွေကို သိသိသာသာ လျှော့ခဲ့တာပါ။ ဒါပေမဲ့လည်း မကြာသေးခင် သီတင်းပတ်တွေကစလို့ စွက်ဖက်မှုတွေကို တကျော့ပြန် တွေ့မြင်လာနေရတယ်လို့ ငွေကြေးရောင်းဝယ်သူတွေက ပြောပါတယ်။
စင်္ကာပူနိုင်ငံ CIMB ဘဏ်က စီးပွားရေးပညာရှင် အကြီးအကဲဖြစ်တဲ့ ဆောင် ဆန်းဂ်ဝမ် (Song Seng-Wun) ကတော့ အာရှက ဗဟိုဘဏ်တွေဟာ ငွေတန်ဘိုး တက်လာနေတာကို ရပ်ဖို့ ကြိုးပမ်းနေတာမျိုး မဟုတ်ပေမဲ့၊ သူတို့စီးပွားရေးတွေ မထိခိုက်စေဖို့ တန်ဘိုးမြင့်လာတာကို ကိုင်တွယ် လာကြတာလို့ ဆိုပါတယ်။
“ထိခိုက်နစ်နာမှုတွေ လျော့ပါးအောင်၊ စီးပွားရေးမှာ ပိုပြီးကြိုတင်မှန်းဆလို့ရအောင် သူတို့အနေနဲ့ သင့်တင့်လျှောက်ပတ် သလောက် လုပ်ဆောင်နေကြတာပါ။ ဘာလို့လည်းဆိုတော့ သိပ်မြန်မြန်ဆန်ဆန် အပြောင်းအလဲတွေ လုပ်ခွင့်ပေးမယ်ဆိုရင်၊ အစီအမံတွေ ချမှတ်တဲ့နေရာမှာ၊ မဖြစ်နိုင်လောက်တဲ့အထိ မဟုတ်ရင်တောင်မှ၊ သိပ်ကို ခက်ခဲကြပါလိမ့်မယ်။”
ဒါပေမဲ့လည်း ဒေသတွင်းက စီးပွားရေးအင်အားကြီး နိုင်ငံတနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကတော့ သူ့ရဲ့ ယွန်ငွေကြေးအပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာပါ။ ယွန်ငွေတန်ဘိုးကို ရှိသင့်တာထက် တန်ဘိုးလျှော့ချ ထားတယ်လို့ ဆိုနေကြတဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ဘက် နိုင်ငံတွေကတော့ ငွေတန်ဘိုးကို ၃၀ ရာခိုင်နှုန်းနဲ့ အထက် တန်ဘိုးမြှင့်တင်သွားဖို့ လိုလားနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ ဒီလိုလုပ်ခြင်းအားဖြင့် သူ့ရဲ့ကုန်ထုတ်လုပ်ငန်း အတော်များများကို ပိတ်ပစ်ရမယ့် အဖြစ်တွေနဲ့ ကြုံရလိမ့်မယ်လို့ တုန့်ပြန်ထားတာပါ။
စီးပွားရေး ပညာရှင် တချို့ကတော့ အာရှက ဗဟိုဘဏ်တွေ အနေနဲ့ ပြည်ပပို့ကုန်လုပ်ငန်းမှာ ပြိုင်ဆိုင်မှုတွေထက်၊ ငွေပင်ငွေရင်း စီးဆင်းမှုတွေ အကြီးအကျယ် ဖြစ်လာစေမယ့် အန္တာရာယ်ကို ပိုပြီးစိုးရိမ်နေကြတာလို့လည်း ဆိုပါတယ်။ အမေရိကန်နဲ့ ဥရောပမှာ စီးပွားရေး အခြေအနေတွေ အားနည်းနေတဲ့အတွက် ရင်းနှီးမြုပ်နှံသူတွေက အကျိုးအမြတ်ရှိမယ့် အာရှက စီးပွားရေး အလျှင်အမြန် ကြီးထွားလာနေတဲ့ နိုင်ငံတွေဆီ ပြောင်းရွှေ့လုပ်ကိုင်တာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ စင်္ကာပူနိုင်ငံက CIMB ဘဏ်က စီးပွားရေး ပညာရှင် ဆောင် က မြင်ပါတယ်။
ဒီလိုဖြစ်လာမယ်ဆိုရင်တော့ အာရှကငွေကြေးအပါအ၀င် တခြား ဈေးနှုန်းတွေ တန်ဘိုးတွေ မြင့်တက်လာနိုင်ပါတယ်။ မကြာသေးခင်ရက်တွေ အတွင်းမှာပဲ ထိုင်းဘတ်ငွေနဲ့ မလေးရှားရင်းဂစ်တို့ဟာ ဒေါ်လာနဲ့ လဲလှယ်ရာမှာ ၁၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ အင်ဒိုနီးရှား ရူပီးငွေဟာ ဆိုရင်လည်း ၃ နှစ်အတွင်း အမြင့်ဆုံးနီးပါး ဖြစ်လာခဲ့သလို၊ တောင်ကိုရီးယား ၀မ်ငွေ တန်ဘိုးဟာလည်း ၅ လအတွင်း အမြင့်ဆုံး ရောက်ခဲ့တာပါ။
နိုင်ငံခြားငွေ အရင်းအနှီး စီးဆင်းမှု ပြဿနာမျိုးဟာ အကျပ်အတည်းကာလမှာ အလျှင်အမြန် ပျံ့နှံ့နိုင်ပါတယ်။ ၁၉၉၀ ပြည့်လွန် နှစ်တွေက အာရှတိုက်မှာ ငွေပင်ငွေရင်း စီးဆင်းမှုတွေကို အကြီးအကျယ် မြင်တွေ့ခဲ့ကြရပေမဲ့၊ ၁၉၉၇ ခုနှစ် စီးပွားရေး ချိနဲ့ချိန်မှာ ဒါတွေ မြန်မြန်ဆန်ဆန်ပဲ ပြန်ထွက်သွားခဲ့တာပါ။ ဒီအတွက် ဗဟိုဘဏ်တွေက ဈေးကွက်မှာ ကြားဝင် ကျားကန်ပေးတာတွေ ရှိခဲ့တဲ့တိုင်အောင် ရုတ်တရက် ငွေတန်ဘိုးကျဆင်းမှုတွေနဲ့ ကြုံခဲ့ရပါတယ်။ ဒီပြဿနာတွေရဲ့ နောက်ဆက်တွဲ ရလာဒ် အဖြစ်နဲ့ ဒေသတွင်းမှာ စီးပွားရေး ချွတ်ခြုံကျမှုတွေ၊ စီးပွားရေးလုပ်ငန်းပေါင်း ထောင်သောင်းချီပြီး အဆုံးအရှုံးတွေနဲ့ ကြုံခဲ့ရတာပါ။
တချိန်က တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူခဲ့ဘူးသူ အခုအခါ စင်္ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်က စီးပွားရေး ပညာရှင် ပါမောက္ခ ရှင် ဂျန်ဆပ် (Shin Jang-sup) ကတော့ အာရှဗဟိုဘဏ်တွေ အခုကြုံနေရတဲ့ ပြဿနာတွေဟာ ၁၉၉၇ ခုနှစ်က အခြေအနေထက် အများကြီး ပိုပြီး လေးနက်မှုရှိတယ်လို့ ဆိုပါတယ်။
“သူတို့ရဲ့ အတိုးနှုန်းတွေက ရာဇ၀င်နဲ့ချီပြီး နည်းပါးပါတယ်။ ဒီအတိုးနှုန်းတွေကိုပဲ နောက်ထပ်ထပ်ပြီး လျှော့ချဦးမယ် ဆိုရင်တော့ ငွေကြေးဖောင်းပွလာမယ့် ဖိအားမျိုးနဲ့ သူတို့ ရင်ဆိုင်ကြရမှာပါ။ ဒါ့အပြင်၊ အာရှမှာ ဘဏ္ဍာရေး အကျပ်အတည်းတွေ ကြုံခဲ့ရ ပြီးတဲ့နောက် နိုင်ငံတကာက ငွေပင်ငွေရင်းတွေ စီးဝင်လာစေဖို့ ဈေးကွက်ထဲမှာ ပြုပြင်ပြောင်းလဲမှု အမျိုးမျိုးကို လုပ်ခဲ့တာတွေ တွေ့ရပါတယ်။ ဒါကြောင့်လည်း ငွေအရင်းအနှီးတွေကို ထိမ်းချုပ်ဖို့ ပြန်လုပ်ရာမှာ တချို့အတွက်တော့ သိပ်ကို ခက်ခဲပါလိမ့်မယ်။ ငွေပမာဏ အနေနဲ့လည်း အရင်တုန်းက ရှိခဲ့ဘူးတာထက် အများကြီးကို ကြီးမားနေပါပြီ။”
ကြီးထွားလာနေတဲ့ ဈေးကွက်တွေဆီ ငွေပင်ငွေရင်း စီးဆင်းမှုတွေဟာ ဒီနှစ်ထဲ အမေရိကန်ဒေါ်လာ ၈၂၅ ဘီလီယံအထိ ရှိမယ်လို့ နိုင်ငံတကာ ဘဏ္ဍာရေးတက္ကသိုလ်က တွက်ဆထားပြီး၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကတော့ ပြီးခဲ့တဲ့နှစ်ထဲ အာရှမှာ ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ငွေကြေးဆိုင်ရာ ပြဿနာတွေ အပါအ၀င် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကိစ္စတွေအတွက် ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ ဦးဆောင်ပြီး အောက်တိုဘာလ ပထမပတ်ထဲမှာပဲ ၀ါရှင်တန်မြို့တော်မှာ ဆွေးနွေးခဲ့ကြတာပါ။
IMF ညွှန်ကြားရေးမှူး စထော ခန် ကတော့ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ငွေပင်ငွေရင်း စီးဆင်းမှုတွေဟာ အရေးကြီးတာမှန်ပေမဲ့၊ မရေမရာ ဆုံးဖြတ်ရခက်ခဲတဲ့ အခြေအနေတွေနဲ့ ကြုံနေရတာကိုလည်း အသိအမှတ်ပြုပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ငွေပင်ငွေရင်း စီးဆင်းမှုအပေါ် သက်ရောက်မှုတွေ လျော့ပါးစေမယ့် ငွေကြေးတန်ဘိုး ပြန်လည်သတ်မှတ်မှုတွေ ရေတိုကာလအတွင်း လုပ်နိုင်ချင်မှ လုပ်နိုင်ပါလိမ့်မယ်။ ဒီအတွက် အမျှော်အမြင်ရှိရှိ ဆောင်ရွက်နိုင်တာတွေ ရှိပါတယ်။ အရန်ငွေကြေးတွေကို စုဆောင်းနိုင်ပါတယ်။ အဆုံးမတော့ လအတော်ကြာကြာကတည်းက ကျနော်တို့ ပြောနေကြသလို၊ ငွေအရင်းအနှီးတွေကို ထိန်းချုပ်တဲ့ ကိစ္စတွေကို လုပ်နိုင်တယ်ဆိုတာကိုလည်း ကျနော်တို့ အနေနဲ့ နားလည်နိုင်ပါတယ်။”
ဒီလို ရှုပ်ထွေးနက်နဲတဲ့ အခြေအနေတွေ ကြုံနေရပေမဲ့လည်း ပြဿနာတွေကို စီးပွားဘက်နိုင်ငံတွေကြား အတူပူးပေါင်း ဖြေရှင်းတာကသာ အကောင်းဆုံးဖြစ်မယ်လို့လည်း IMF ညွှန်ကြားရေးမှူးက ပြောခဲ့တာပါ။ ၁၉၈၅ ခုနှစ်မှာတုန်းကတော့ ဂျပန်၊ အမေရိကန်၊ ဂျာမဏီနဲ့ ဗြိတိန်နိုင်ငံတွေကြား Plaza စာချုပ်လို့ အမည်ရတဲ့ သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးပြီး စီးပွားရေး ကျဆင်းမှုတွေက ရုန်းထွက်နိုင်ဖို့နဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေးလိုငွေပြမှု ကွာဟချက် နည်းပါးစေဖို့ ဒေါ်လာတန်ဘိုး လျှော့ချထားရေးကို လက်ခံထားကြတာ ဖြစ်ပါတယ်။ အလားတူ သဘောတူညီချက်တရပ်မျိုး ထွက်ပေါ်လာနိုင်လေမလား နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲတွေကြား အခုအခါဆက်လက် ဆွေးနွေးနေကြဆဲဖြစ်သလို၊ ဒီကိစ္စကို G-20 လို့ခေါ်တဲ့ ကမ္ဘာပေါ်က စက်မှုထွန်းကားတဲ့ နိုင်ငံပေါင်း ၂၀ ရဲ့ နိုဝင်ဘာလထဲ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ကျင်းပမယ့် ထိပ်သီး အစည်းအဝေးမှာပါ တိုင်ပင်သွားကြလိမ့်မယ်လို့ မျှော်လင့်ရတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။