သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှကိုယ်ကျိုးကြည့်ဝါဒ WTO အကြီးအကဲ သတိပေး


အာရှဒေသ စီးပွားရေး တိုးတက်မှုတွေ ရေရှည်ခံဖို့အတွက် အကြီးမားဆုံး စိမ်ခေါ်မှုဟာ ကိုယ်ကျိုးစီးပွား ကာကွယ်မှုတွေ ကြီးထွားလာနေတဲ့ ပြဿနာ ဖြစ်တယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အကြီးအကဲက သတိပေးလိုက်ပါတယ်။

ကမ္ဘာ့စီးပွားရေး နှေးကွေးနေရာက သက်သာရာ ရဖို့အတွက်ဆိုရင် အာရှနိုင်ငံတွေကြား ကုန်သွယ်ရေးတွေမှာ ပိုမို နက်နက်ရှိုင်းရှိုင်း ပူးပေါင်း ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အရှေ့အာရှ ဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲ ကြာသပတေးနေ့က စတင်ရာမှာ WTO ညွှန်ကြားရေးမှူးချုပ် Pascal Lamy က ပြောလိုက်တာပါ။

အာရှနိုင်ငံတွေရဲ့ စီးပွားရေးဟာ ကမ္ဘာပေါ်က တခြားနေရာတွေထက် စာရင် အခြေအနေ ကောင်းနေပေမဲ့ အမေရိကန်နဲ့ ဥရောပက မရေမရာ အခြေအနေတွေနဲ့ တရုတ်နိုင်ငံက စီးပွားရေး နှေးကွေးမှုတွေရဲ့ ဒဏ်ကိုတော့ ခံကြရမှာသာ ဖြစ်တယ်လို့လည်း သတိပေးသွားပါတယ်။

ကမ္ဘာပေါ်က တခြားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအရ အာရှဒေသမှာ လာမယ့် ၂ နှစ် ၃ နှစ်အတွင်း သက်ရောက်မှုတွေ ပိုတွေ့ရမယ်လို့ မျှော်လင့်ရတဲ့အကြောင်း WTO ညွန်ကြားရေးမှူးချုပ်က ပြောပါတယ်။ ထိပ်သီးဆွေးနွေးပွဲမှာ တက်ရောက်လာကြသူ တခြား ခေါင်းဆောင်တွေကတော့ ဒေသတွင်း ပူးပေါင်းမှုတွေ တိုးမြှင့်ရေး အစီအစဉ်အပေါ် သံသယ အမြင်တွေကို ပြောဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG