သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEM ထိပ်သီး စည်းဝေးပွဲ အီတလီမှာ ကျင်းပ


အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲ ASEM 2014
အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲ ASEM 2014

အီတလီနိုင်ငံ မီလန်မြို့မှာ ဒီကနေ့ ကြာသပတေးနေ့ စတင်တဲ့ နှစ်ရက်ကြာ အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲ ASEM မှာ ဥရောပနဲ့ အာရှဒေသတွေက ထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်နေကြသလို လုံခြုံရေး တင်းကျပ်ထားပါတယ်။

ဒီဆွေးနွေးပွဲ အတွင်း စီးပွားရေးဖွံ့ဖြိုးမှုနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ဥရောပနဲ့ အာရှနိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေ နဲ့ ဆက်ဆံရေး ပိုမို ခိုင်မာအောင် ဆောင်ရွက်သွားဖို့ကိစ္စတွေကို အဓိက ဆွေးနွေးကြမှာပါ။

ဆွေးနွေးပွဲမစခင် ဗုဒ္ဓဟူးနေ့ကတော့ ဆွေးနွေးပွဲအတွက်ရောက်နေတဲ့ တရုတ် ဝန်ကြီးချုပ် Li Keqiang နဲ့ ဥရောပကောင်စီဥက္ကဋ္ဌ Herman Van Rompuy၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barroso တို့ မီလန်မြို့မှာ တွေ့ဆုံခဲ့ကြပြီး ယူကရိန်းပဋိပက္ခ အပြင် ဒေသတွင်းနိုင်ငံတွေအပေါ် သက်ရောက်မှုရှိစေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာလည်း ဒီ ASEM အစည်းအဝေးကို သွားတက်တယ်လို့ အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဥရောပနဲ့ အာရှနိုင်ငံတွေကြား ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ အတွက် ASEM ဆွေးနွေးပွဲကို ၁၉၉၆ ခုနှစ်မှာ စတင်ကျင်းပတာပါ။

ဆွေးနွေးပွဲ အတွင်း ဦးစားပေး ဆွေးနွေးမယ့် အကြောင်းအရာတွေကိုတော့ အာဆမ် အဖွဲ့ရဲ့ အစိုးရအကြီးအကဲတွေ ၂ နှစ်တကြိမ် တွေ့ဆုံပြီး ဆုံးဖြတ်ကြ တာဖြစ်ပါတယ်။ ဆွေးနွေးပွဲကိုတော့ အာရှနဲ့ ဥရောပမှာ တလှည့်စီ ကျင်းပ တာဖြစ်ပြီး အခု ၁၀ ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို ဥရောပကောင်စီဥက္ကဋ္ဌနဲ့ အီတလီအစိုးရတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးတာဖြစ်ပါတယ်။

XS
SM
MD
LG