သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ စားကုန်ဈေး ပြဿနာ ချက်ချင်း ဖြေရှင်းဖို့လို


အာရှ စားကုန်ဈေး ပြဿနာ ချက်ချင်း ဖြေရှင်းဖို့လို

အာရှဒေသတွင်း ၂၀၀၈ နဲ့ ၂၀၀၉ ခုနှစ်တွေအကြား ရင်ဆိုင်ခဲ့ရတဲ့ စားနပ်ရိက္ခာ ရှားပါးမှုမျိုးနဲ့ ထပ်မကြုံရအောင် အာရှနိုင်ငံတွေ အနေနဲ့ စားနပ်ရိက္ခာဈေးတွေ ကြီးမြင့်နေတာကို အချိန်မီ ဟန့်တားကြဖို့ ကုလသမဂ္ဂ အဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဈေးနှုန်း မြင့်တက်လာနေတဲ့ စားသောက်ကုန် တန်ဖိုးတွေ ထိန်းချုပ်နိုင်ဖို့ တိုင်းပြည်အသီးသီးက ရေရှည်ခံနိုင်မယ့် စားသောက်ကုန်တွေကို ထုတ်လုပ်ကြဖို့ FAO ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ အဆင့်မြင့်အရာရှိ ဟီရိုယုကီ ကိုနုမ (Hiroyuki Konuma) က ဘန်ကောက်မြို့မှာ ဗုဒ္ဓဟူးနေ့က ပြောလိုက်တာပါ။

၉ လလောက် စားသောက်ကုန်ဈေးတွေ တောက်လျှောက် တက်နေခဲ့ရာက ဧပြီလမှာတော့ အနည်းငယ် ပြန်ကျသွားတယ်လို့ မစ္စတာ ကိုနုမက ပြောပါတယ်။ ဒါပေမဲ့ စားသောက်ကုန်ဈေးတွေ တက်ရတဲ့ အဓိက အကြောင်းအရာတွေကတော့ ဆက်ရှိနေတုန်းပဲလို့ သူက ပြောပါတယ်။

အာရှတိုက်အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ အရှိန်ကောင်းကောင်းနဲ့ ဖြစ်ပေါ်နေပေမဲ့ ကမ္ဘာမှာ အငတ်ဘေးနဲ့ ရင်ဆိုင်နေရသူ သန်းပေါင်း ၁,၀၀၀ လောက် ရှိတဲ့အထဲက ၆၀% ဟာ အာရှဒေသမှာ နေထိုင်ကြသူတွေ ဖြစ်တယ်လို့ မစ္စတာ ကိုနုမက ပြောပါတယ်။

၂၀၁၀ ခုနှစ် အောက်တိုဘာလကစလို့ ကမ္ဘာ့ စားသောက်ကုန်ဈေးတွေ မြင့်တက်ခဲ့တဲ့အတွက် ကမ္ဘာ့လူဦးရေ ၄၄ သန်းဟာ အလွန်အကျွံ ငတ်ပြတ်မှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကမ္ဘာ့ဘဏ်ကလည်း ပြောပါတယ်။

XS
SM
MD
LG