မြောက်ကိုရီးယားက နျူ ကလီးယားစမ်းသပ်မှုလုပ်တဲ့အပေါ် ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်ကြတဲ့အတွက် အာရှဒေသ အစုရှယ်ယာ ဈေးကွက်အများအပြားမှာ ဒီကနေ့ ဈေးကျပါတယ်။
တရုတ်နိုင်ငံရဲ့ အစုရှယ်ယာဈေးကွက် တည်ငြိမ်အောင် လုပ်စရာရှိတာတွေ ကို ဆက်လုပ်သွားမယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးတဲ့နောက် တရုတ်အစုရှယ်ယာ ဈေးကွက်ကတော့ တည်ငြိမ်သွားပါတယ်။
ဂျပန်နိုင်ငံရဲ့ စံ အစုရှယ်ယာအညွှန်းကိန်း Nikki 225 ဟာ ၁.၃% ကျပြီး တောင်ကိုရီးယားရဲ့ Kospi အညွှန်းကိန်းက ဒသမ ၅ % ကျဆင်းသွားပါတယ်။ သြစတြေးလျ S&P/ASX 200 အညွှန်းကိန်းက ၁.၃% ကျပါတယ်။
ဟောင်ကောင်ကျွန်းရဲ့ Hang Seng အညွှန်းကိန်းက ဒသမ ၈% ကျပါတယ်။ ဒါပေမဲ့ ရှန်ဟဲနဲ့ ရှင်ဇန်းက အကြီးဆုံးကုမ္ပဏီတွေ ပါဝင်တဲ့ CSI300 အညွှွန်းကိန်းကတော့ ၁.၈% အတက်ပြပြီး ရှန်ဟဲ ပေါင်းစပ် အညွှန်းကိန်းက ၂.၃% တက်ပါတယ်။ အဲဒီ ရှန်ဟဲ ပေါင်းစပ်အညွှန်းကိန်းဟာ တနင်္လာနေ့က ၆.၉% ကျပြီး အင်္ဂါနေ့က ဒသမ ၃% ဈေးကျခဲ့တာပါ။
တရုတ်နိုင်ငံမှာ ကုမ္ပဏီတခုရဲ့ အစုရှယ်ယာ ၅% ကျော်ထက် ပိုပြီးပိုင်ဆိုင်တဲ့ အစုရှယ်ယာပိုင်ရှင်တွေ သူတို့ရဲ့ အစုရှယ်ယာတွေ ကို မရောင်းဖို့ ပိတ်ပင်ကန့်သတ်ထားတာ ဒီသီတင်းပတ်မှာ သက်တမ်းကုန်တော့မှာပါ။
ဒါပေမဲ့လည်း နောက်ထပ် စည်းမျဉ်းစည်းကမ်းအသစ်တွေ ချမှတ်တဲ့အချိန်ထိ တရုတ်နိုင်ငံ အစုရှယ်ယာနဲ့ အာမခံစာချုပ်စာတမ်း လုပ်ငန်းများဆိုင်ရာ ကော်မရှင် CSRC က အခု ပိတ်ပင်ကန့်သတ်ချက်ကို ဆက်ထားသွားမယ်လို့ ရှန်ဟဲ Securities News သတင်းဌာနကပြောပါတယ်။ မူဝါဒအသစ် ဘယ်တော့ အဆင်သင့်ဖြစ်မယ်ဆိုတာကိုတော့ CSRC က အတိအကျ မပြောပါဘူး။