သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူနာမီ ၁၀ ပြည့် အခမ်းအနားတွေ ကျင်းပ


ဆူနာမီ ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဒီကနေ့မှာတော့ ဆူနာမီဒဏ် ခံခဲ့ရတဲ့ အာရှနိုင်ငံတွေမှာ ပင်လယ်ကမ်းခြေ အမှတ်တရအခမ်းအနားတွေ၊ ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ်နဲ့ ခဏတာ ငြိမ်သက်မှုတွေနဲ့ ဘာသာရေးဆိုင်ရာ ဆုတောင်းပွဲတွေကို ကျင်းပနေကြပါတယ်။

၂၀၀၄ ခုနှစ်က အိန္ဒိယ သမုဒ္ဒရာကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ဆူနာမီကြောင့် လူပေါင်း အနည်းဆုံး ၂ သိန်း ၂ သောင်းတို့ သေဆုံးခဲ့ကြရတာပါ။ ၂၀၀၄ ခုနှစ် ဆူနာမီ ဒဏ်ကိုတော့ အိန္ဒိယ သမုဒ္ဒရာ ကမ်းခြေ ပတ်လည်မှာ နေထိုင်ကြတဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံတို့ ဧရာမ ရေလှိုင်းကြီးတွေဒဏ်ကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ရဲ့ ခရစ်စမတ် အပြီး နောက်တနေ့မှာဘဲ ဖြစ်ခဲ့တဲ့ ဆူနာမီ ရေလှိုင်းကြီးတွေက ပင်လယ်ကမ်းခြေ ဒေသတခုလုံးကို ဖျက်ဆီးခဲ့ပြီး ဒီဒေသတွေမှာ နေထိုင်ကြတဲ့ မိသားစုးတွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေ ရှိနေကြတဲ့ ပင်လယ်ကမ်းခြေ အပန်းဖြေ နေရာတွေကိုပါ ဖုံးလွှမ်းသွားခဲ့တာပါ။

အာရှဒေသမှာ နှစ်ပေါင်း ၄၀ အတွင်း အပြင်းထန်ဆုံး ဖြစ်တဲ့ပြင်းအား ၉ ဒဿမ ၁ အင်အားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာကြောင့်မို့လို့ ဆူနာမီ ရေလှိုင်းကြီးတွေ ဖြစ်ပေါ်စေခဲ့တာဖြစ်ပြီး ဒီရေလှိုင်းကြီးတွေက အိန္ဒိယ သမုဒ္ဒရာကနေ ဂျက်လေယာဉ်ပျံနှုန်းလောက် အမြန်နှုန်းနဲ့ ရိုက်ခတ်ပြီး အာဖရိက အရှေ့ပိုင်းထိကို ရိုတ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဆူနာမီဒဏ်က သိပ်ကို ပြင်းထန်လွန်းတာကြောင့် ကမ္ဘာ့ဝန်ရိုးစွန်း တောင်မှ စင်တီမီတာ အနည်းငယ် ယိမ်းယိုင်သွားခဲ့ရပါတယ်။ ဆူနာမီဒဏ် အပြင်းထန်ဆုံး ခံရတဲ့ ဒေသတခုကတော့ အင်ဒိုနီးရှား အာချေးခရိုင် ဖြစ်ပြီး ဒီကနေ့မှာ ဆူနာမီ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။ အင်ဒိုနီးရှား ဒုတိယ သမ္မတ Jusuf Kalla ကတော့ ဒီအကျပ်အတည်း ကို ကမ္ဘာကြီး အနေနဲ့ ဘယ်လို ပူးပေါင်း ဆောင်ရွက် ခဲ့ကြတယ်ဆိုတာတွေကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

"အခု အထိမ်းအမှတ်ပွဲတွေက ဆူနာမီဒဏ်ခံခဲ့ရသူတွေ အတွက် ဆုတောင်းပေး တာတင် မဟုတ်ပါဘူး။ ကမ္ဘာသူ ကမ္ဘာသား အားလုံးကို ကျေးဇူးတင်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဒီအချိန်ဟာဆိုလို့ရှိရင် ဆူနာမီက ကျနော်တို့ကို သင်ကြားပေးခဲ့တဲ့ သင်ခန်းစာ အတိုင်း ကျနော်တို့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာနဲ့ ခက်ခဲ့တဲ့ ပြဿနာတွေကို တစုတစည်းတည်း ပူးပေါင်းပြီး ဘယ်လို ဖြေရှင်းမလဲ ဆိုတာတွေကို သင်ယူရမယ့် အချိန်လည်း ဖြစ်ပါတယ်လို့ အင်ဒိုနီးရှား ဒုတိယ သမ္မတ ပြောဆိုခဲ့တာပါ။

ဆူနာမီဒဏ်ခံခဲ့ရတဲ့ ဒေသ အများစုကတော့ဖွံ့ဖြိုးမှု မရှိတဲ့ ဒေသတွေဖြစ်ပြီး ပြန်လည် ထူထောင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ပြန်လည် ထူထောင်ရေးနဲ့ ပြန်လည် တည်ဆောက်ရေး အတွက် အကူအညီ အထောက်အပံ့ က ဒေါ်လာ ၁၃ ဘီလီယံကျော် ရရှိခဲ့တာပါ။ အင်ဒိုနီးရှား နိုင်ငံ အာချေးမှာတော့ ခွဲထွက်ရေး သူပုန်တွေ သူတို့ဘဝတွေ ဆူနာမီဒဏ်ကနေ ပြန်လည်ထူထောင်ဖို့ အတွက် အစိုးရထံကို လက်နက်ချဖို့ ဖြစ်လာစေခဲ့ပါတယ်။

ဆူနာမီဒဏ် အပြင်းထန်ဆုံးခံခဲ့ရတာကတော့ အင်ဒိုနီးရှား နိုင်ငံ ဖြစ်ပြီး လူပေါင်း ၁သိန်း ၆ သောင်းကျော်တို့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ထိုင်းနဲ့ သီရိလကာၤ နိုင်ငံတို့မှာတော့ လူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ကြရပါတယ်

XS
SM
MD
LG