သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရေတပ် ပင်လယ်ထဲ လှေစီးပြေးတွေ လိုက်ရှာ


လှေစီးပြေး ဒုက္ခသည်များ။
လှေစီးပြေး ဒုက္ခသည်များ။

အရှေ့တောင်အာရှဒေသက ပင်လယ်ထဲမှာ လှေတွေနဲ့မျောနေတယ်လို့ ယုံကြည်ကြတဲ့ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်း ဝင်ရောက်သူတွေအတွက် စားရေရိက္ခာနဲ့ ဆေးဝါးပစ္စည်းကိရိယာတွေကို ထိုင်းစစ်သင်္ဘောတစင်းနဲ့ တင်ဆောင် သွားဖို့ သောကြာ နေ့မှာ ထိုင်းရေတပ် တာဝန်ရှိသူတွေ ပြင်ဆင်ကြပါတယ်။

လူမှောင်ခိုကူးတဲ့ဂိုဏ်းတွေကို ထိုင်းနိုင်ငံက ဒီလအတွင်း နှိမ်နင်းဖြိုခွဲချိန် ကစလို့ ရွှေ့ပြောင်းဝင်ရောက်သူ ၄၀၀၀ ကျော်ဟာ အင်ဒို နီးရှား၊ မလေးရှား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေ မှာ ရောက်နေကြ ပါတယ်။ နောက်ထပ် လူ ၂၀၀၀ လောက်ဟာ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ စက်လှေတွေနဲ့ မျောနေဖွယ်ရှိတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

Ang Thong လို့ခေါ်တဲ့ ထိုင်းရေတပ်စစ်သင်္ဘောဟာ လူသားချင်းစာနာမှု အကူအညီပေးရေး ကမ်းလွန်အခြေစိုက်စခန်းတခု သဖွယ် လုပ်ဆောင် သွားမှာပါ။ ရေဘူး ၁၀၀၀၀၊ အသင့်စားခေါက်ဆွဲခြောက် အထုတ် ၁၀၀၀၀ လောက်နဲ့ ငါးသေတ္တာဗူး ၅၀၀၀ လောက်ကို ထိုင်းတာဝန်ရှိသူတွေက အဲဒီသင်္ဘောပေါ်တင်ကြတာပါ။ အဲဒီအကူအညီအရေအတွက်ဟာ လူ ၅၀၀ လောက် အတွက် ခုနစ်ရက်စာ လုံလောက်နိုင်တယ်လို့ ထိုင်းရေတပ် တာဝန်ရှိသူတဦးက ပြောပါတယ်။

Ang Thong သင်္ဘောဟာ ထိုင်း ရေပြင်ပိုင်နက်တလျှောက် မောင်းနှင်ပြီး ပင်လယ်ထဲမှာရှိနေနိုင်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ရဟတ်ယာဉ်တွေ သုံးပြီးတော့ ရှာဖွေမှာပါ။ ဒါပေမဲ့လည်း ထိုင်းရေပိုင်နက်ထဲမှာ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို ရှာတွေ့ဖို့ အလားအလာကတော့ နည်းသွားပြီလို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ရာပေါင်းများစွာကို နေရပ်ရင်းပြန်ပို့ဖို့လုပ်ငန်းစဉ် ကို ဖြစ်နိုင်သမျှ အမြန်ဆုံး စတင်ဖို့ မျှော်လင့်ထားတယ်လို့ ထိုင်းတာဝန်ရှိသူ တဦးက သောကြာနေ့ မှာ ပြောပါတယ်။

ဒေသတွင်း ရွှေ့ပြောင်းဝင်ရောက်သူဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ညီလာခံတခုအတွင်း ထိုင်းနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန်က အဲဒီလိုပြောသွားတာပါ။

XS
SM
MD
LG