သုံးရလွယ်ကူစေသည့် Link များ

၂၁ ရာစုမှာ အာရှဒေသ ပိုအရေးပါကြောင်း ၀န်ကြီး ကယ်ရီပြော


မြန်မာနိုင်ငံ၊ နေပြည်တော်မှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry. (သြဂုတ် ၉၊ ၂၀၁၄)

အာရှမှာဖြစ်တဲ့ အကြောင်းအရာအများစုက ၂၁ ရာစုရဲ့ သမိုင်းဖြစ်ရပ်တွေအဖြစ် မှတ်တမ်းတင်သွားမှာ ဖြစ်သလို အဲဒီသမိုင်းမှတ်တမ်းထဲမှာ အရှေ့တောင် အာရှမှာဖြစ်တဲ့ ကိစ္စတွေက အများကြီးပါဝင်နေမှာဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စုက အာရှ-ပစိဖိတ်ဒေသနဲ့ ထိတွေ့ဆက်ဆံသွားဖို့ အခိုင်အမာ
သန္နိဌာန်ချထားတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောကြားပါတယ်။ သမ္မတ Barack Obama အနေနဲ့လည်း နိုဝင်ဘာလမှာ ကျင်းပဖို့ရှိတဲ့ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲကို တက်ရောက်ဖို့ စိတ်အားသန်နေတယ်လို့ နေပြည်တော်မှာ စနေနေ့က ကျင်းပတဲ့ အမေရိကန်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအများအဆင့် ဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Kerry က ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို
မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတယောက်အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးလာရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ
စနေနေ့တုန်းက နေပြည်တော်မှာကျင်းပတဲ့ အမေရိကန်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများစည်းဝေးပွဲမှာ မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေကို ဆက်ပြီး ကူညီသွားမယ့်အကြောင်းနဲ့ အာရှ-ပစိဖိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို အမေရိကန်က ဘာကြောင့်အလေးထားသလဲဆိုတာကို
ပြောကြားသွားခဲ့ပါတယ်။

“ရှေ့ဆက်တွေ့ရမဲ့ စိန်ခေါ်မှုတွေကို မြန်မာပြည်သူတွေ ရင်ဆိုင်ဖြေရှင်းရမဲ့ တချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ခံကူညီမှုနဲ့ ခင်မင် ရင်းနှီးမှုကို ဆက်လက်ရရှိသွားမယ်ဆိုတာကို မြန်မာပြည်သူတွေကို ကျနော် သိစေချင်ပါတယ်။ ၂၁ ရာစု သမိုင်းဖြစ်စဉ်ထဲမှာ အာရှမှာ ဖြစ်ပျက်တဲ့ အကြောင်းအရာအများစုက သမိုင်းတွင် ကျန်ရစ်မှာဖြစ်တာနဲ့အတူ အရှေ့တောင်အာရှမှာ ဖြစ်တဲ့ကိစ္စတွေက သမိုင်းထဲမှာ အများကြီး ပါဝင်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုက အာရှ-ပစိဖိတ်ဒေသနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံသွားမယ်ဆိုတဲ့ ခိုင်မာတဲ့ သန္နိဌာန်ကို
ဆက်ပြီးချထားဆဲဖြစ်ပါတယ်။ အာရှဒေသတခုလုံးမှာ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ ဒေသတွင်း တသားထဲဖြစ်ရေးမှာ အာဆီယံအဖွဲ့ကြီးရဲ့ အခန်းကဏ္ဍက အရေးကြီးလှပါတယ်။”

နိုဝင်ဘာလကျရင်ကျင်းပဖို့ရှိတဲ့ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲကို တက်ရောက်နိုင်ဖို့ သမ္မတ Barack Obama က စိတ်အားထက်သန်နေတယ် ဆိုတာကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ အာဆီယံဒေသတွင်း ရေရှည် ကြွယ်ဝ တိုးတက်ရေး၊ အမေရိကန်ပြည်သူတွေနဲ့ တခြားနိုင်ငံအများက နိုင်ငံကပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာနိုင်မယ့် အာဆီယံ စီးပွားရေးအသိုင်းအဝိုင်းကြီး ၂၀၁၅ ခုနှစ်မှာ ဖော်ဆောင်နိုင်ရေးအတွက်ကိုလည်း အမေရိကန်က ထောက်ခံတယ်လို့ ဝန်ကြီး Kerry က ပြောကြား သွားပါတယ်။ စနေနေ့မနက်ပိုင်းက နေပြည်တော်ကို ရောက်လာတဲ့ ဝန်ကြီး Kerry ဟာ စနေနေ့အစောပိုင်းမှာပဲ သမ္မတဦးသိန်းစိန်ကို တွေ့ဆုံခဲ့ပါတယ်။
မြန်မာအပေါ်အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုအများစုကို ဖယ်ရှားလျှော့ပေါ့ပေးခဲ့တဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံက ဒီမိုကရေးစီ ပြုပြင် ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ ဆက်ပြီး တိုးတက်မှု မရှိတော့တဲ့ကိစ္စကို အမေရိကန်က စိုးရိမ်တယ်ဆိုတာကို သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာ ဝန်ကြီး Kerry ကပြောကြားခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

လူနည်းစု မွတ်ဆလင်တွေအပေါ် ခွဲခြားဆက်ဆံ အကြမ်းဖက်တဲ့ ကိစ္စ၊ သတင်းလွတ်လပ်ခွင့်ကိစ္စ၊ လွတ်လပ် မျှတ အများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်အောင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြန့်ကြာနေတဲ့ ကိစ္စတွေအပေါ်မှာ အမေရိကန်ဖက်က အဓိက စိုးရိမ်နေတယ်လို့ပြောပါတယ်။ အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံကို နိုဝင်ဘာလမှာ ဒုတိယတခေါက် မလာခင် ခုလို အမေရိကန်အစိုးရဖက်က စိုးရိမ်နေတဲ့ ကိစ္စတွေကို ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်ဖို့ အမေရိကန်ဖက်က လိုလားတယ်ဆိုတာကိုလည်း သမ္မတဦးသိန်းစိန်ကို ဝန်ကြီး Kerry က ရှင်းရှင်းပြောခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

ခုလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry မြန်မာနိုင်ငံမှာ ရောက်ရှိနေချိန်မှာပဲ မြန်မာ့နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကူးပြောင်းမှုတွေ၊ လူ့အခွင့် အရေးအပေါ် လေးစားလိုက်နာမှုတွေ ခိုင်မာစေဖို့ အမေရိကန်က မြန်မာနိုင်ငံအပေါ် ထောက်ပံ့ကူညီနေတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။ အလားတူ အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ တာဝန်သိရင်းနှီးမြှုပ်နှံမှုတွေလုပ်ရာက အမေရိကန်စီးပွားရေး လုပ်ငန်းတွေ အတွက်ရော၊ မြန်မာပြည်သူတွေအတွက်ပါ ရေရှည်ခံတဲ့ သက်ရောက်မှုတွေရှိလာမယ်လို့ ယုံကြည်ကြောင်း ကြေညာချက်ကိုလည်း စနေနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Kerry ဟာ စနေနေ့ကပဲ အာဆီယံဆွေးနွေးပွဲတက်ရောက်နေကြတဲ့ ကနေဒါ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့လည်း သီးခြားတွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ သူဟာ အာဆီယံ ဒေသဆိုင်ရာစည်းဝေးပွဲ၊ အရှေ့အာရှထိပ်သီး အကြို နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲတွေကို
တက်ရောက်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG