သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ ရေပြင်ပိုင်နက် အငြင်းပွားမှု ဒေသန္တရ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်


အာရှ ရေပြင်ပိုင်နက် အငြင်းပွားမှု ဒေသန္တရ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်
အာရှ ရေပြင်ပိုင်နက် အငြင်းပွားမှု ဒေသန္တရ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်

အာရှဒေသတွင်း ရေပိုင်နက် အငြင်းပွားနေမှုတွေဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ကြွယ်၀ တိုးတက်ရေးအတွက် စိန်ခေါ်မှုတွေကို ကြီးထွားလာစေတယ်လို့ အမေရိကန်နိုင်ငံက သတိပေးလိုက်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ဟနွိုင်းမှာ ကျင်းပနေတဲ့ အာဆီယံ အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ အင်္ဂါနေ့က အခုလို ပြောကြားလိုက်တာဖြစ်ပြီး ဒီအငြင်းပွားမှုတွေအတွက် အင်အားသုံးပြီး ဖြေရှင်းစရာ မလိုဘဲ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းသင့်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံက အရင်တုန်းက တောင်းဆိုထားသလိုပဲ နိုင်ငံတကာ ရေပိုင်နက်ထဲ လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိဖို့လည်း ထပ်လောင်းပြီး တောင်းဆိုခဲ့ပါတယ်။

အခုလို သတိပေးမှုတွေ ရှိနေပေမဲ့ အာဆီယံ ၁၀ နိုင်ငံနဲ့ အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးကနေ တောင်တရုတ် ပင်လယ်ပြင်ထဲ ပိုင်နက် အငြင်းပွားနေမှုကြောင့် ပေါ်ပေါက်နေတဲ့ တင်းမာမှုတွေထဲက တချို့တဝက် ပြေလျော့သွားစေခဲ့တယ်လို့ အစည်းအဝေး တက်ရောက်လာသူတွေက ပြောပါတယ်။

တရုတ် ကာကွယ်ရေးဝန်ကြီး လျန်ကွမ်းလီ (Liang Guanglie) က တရုတ် စစ်ရေး ဆောင်ရွက်နေမှုတွေဟာ ကာကွယ်ရေး သဘောသဘာဝသာ ဖြစ်ပြီး ဘယ်သူ့ကိုမှ ခြိမ်းခြောက်တာ စိန်ခေါ်တာမျိုး မဟုတ်ဘူးလို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ပြောကြားခဲ့ပါတယ်။

အိမ်ရှင် ဗီယက်နမ်နိုင်ငံကလည်း တရုတ်နဲ့ ဗီယက်နမ် နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားနေတဲ့ ကျွန်းစုနားမှာ တရုတ်နိုင်ငံက ဖမ်းတာ ခံခဲ့ရတဲ့ ငါးဖမ်းသမား ၉ ဦး ပြန်လည် လွတ်မြောက်လာပြီလို့ ကြေညာခဲ့ပါတယ်။

XS
SM
MD
LG