သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာလူသားချင်းစာနာမှု Aceh တိုးမြှင့်ဆောင်ရွက်


အန္တရာယ်များတဲ့ ပင်လယ်ခရီးကိုဖြတ်ပြီး အင်ဒိုနီးရှားနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ အာရှကလှေစီးပြေး ရာပေါင်းများစွာကို ကူညီရာမှာ အင်ဒိုနီးရှား-အာချေးဒေသဟာ ထင်ရှားတဲ့ အခန်းကဏ္ဍက ပါဝင်လာပါတယ်။

ရိုဟင်ဂျာတွေကလည်း မူဆလင်တွေရဲ့ ရာမာဒမ် ဥပုသ်လရာသီ ကုန်သွားပြီးချိန် နောက်မှာလည်း ဒီလို အရဲစွန့်ရတဲ့ခရီးမျိုးကို နောက်ထပ် ထွက်လာကြမယ့် အခြေအနေရှိတယ်လို့ လူသားချင်း စာနာထောက်ပံ့သူတွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောကြောင်း ဘန်ကောက်မြို့ကနေ Ron Corben သတင်းပေးပို့ထားတာကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဒေသခံ တံငါသည်တွေ ပင်လယ်ပြင်မှာကယ်တင်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေနဲ့ မြန်မာပြည်က ရိုဟင်ဂျာ မူဆလင်တွေ စုစုပေါင်း ၂ထောင်လောက် အင်ဒိုနီးရှားမြောက်ပိုင်း အာချေးဒေသက ယာယီစခန်းတွေမှာ ရှိပါတယ်။ ဒေသန္တရ သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို သူတို့ဌာနေ ပြန်ပို့သွားမှာ ဖြစ်ပေမဲ့ ရိုဟင်ဂျာ မူဆလင်တွေကိုတော့ ဒီစခန်းမှာ တနှစ်လောက် ဆက်နေခွင့်ရမှာ ဖြစ်ပါတယ်။ လူမှောင်ခိုကူးသူတွေ စွန့်ပစ်ခဲ့တာကြောင့် စက်လှေနဲ့ ပင်လယ်ထဲမျောခဲ့တဲ့ ရိုဟင်ဂျာတွေအတွက် ခိုလှုံဖို့ နောက်ဆုံးအခွင့်အရေး ရတဲ့နေရာကတော့ အာချေးဒေသပဲ ဖြစ်ပါတယ်။

ဒေသခံ တံငါသည်တွေကပဲ ရိုဟင်ဂျာတွေကိုကယ်တင်ဖို့ ဆန္ဒရှိကြတာပါလို့ အာချေးဒေသမှာ လူသားချင်းစာနာရေးနဲ့ သုတေသနလုပ်ငန်း လုပ်နေသူ Lillian Fan ကပြောပါတယ်။
“ရိုဟင်ဂျာတွေကို ကြိုဆိုလက်ခံမယ့်သူဆိုလို့ နှစ်ပေါင်း ၃၀ လောက် ပဋိပက္ခတွေ ရင်ဆိုင်ခဲ့ရတဲ့ အာချေးလို ဒေသမျိုး တခုလောက်ပဲ ရှိမယ်လို့ ထင်ပါတယ်။ တကယ့်ကို လူသားချင်းစာနာစိတ်နဲ့ လက်ခံတာပါ။ အသက်အန္တရယ် ကြုံနေရသူတွေကို ကယ်ဆယ်ဖို့ ဒေသတွင်းကရော နိုင်ငံတကာကရော ဘာမှ လုပ်ဆောင်တာမျိုး မရှိတာနဲ့ပတ်သက်လို့ ကျမသိပ်ကို စိတ်ပျက်မိပါတယ်။”

အာချေးပြည်သူတွေဟာ ဒုက္ခကို ကြုံဖူးသူတွေဖြစ်ပါတယ်။ ဒီပြည်နယ်ဟာ ခွဲထွက်ရေးအတွက် နှစ်ပေါင်း ၃၀ လောက် အကြမ်းဖက် မငြိမ်သက်မှုတွေကြုံခဲ့ရသလို၊ ၂၀၀၄ ခုနှစ်က ရင်ဆိုင်ခဲ့ရတဲ့ ငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် အာချေးမှာပဲ လူ ၁သိန်းခွဲလောက် သေဆုံးခဲ့ရပါတယ်။
အင်ဒိုနီးရှား အစိုးရအာဏာပိုင်တွေဟာ လှေစီးဒုက္ခသည်တွေကို သွားမကယ်တဲ့အပြင် ဒီကိစ္စမှာ ဝင်မပါကြဖို့ တံငါသည်တွေကို တားမြစ်ခဲ့ကြပေမဲ့ တံငါသည်က ဒါကိုမလိုက်နာခဲ့ကြပါဘူး။ အင်ဒိုနီးရှား စစ်တပ်ကဆိုရင် အစောပိုင်းမှာ ငါးဖမ်းသမားတွေရဲ့ လုပ်ခွင့်ပါမစ်တွေ သိမ်းတာမျိုး

သူတို့စက်လှေတွေကို ဒဏ်ရိုက်တာမျိုးလုပ်ခဲ့ပေမဲ့ အဲဒီတံငါသည်တွေက ကယ်ဆယ်ရှာဖွေရေးတွေ ဆက်လုပ်ခဲ့တယ်လို့ မစ္စ Fan ကပြောပါတယ်။
“အားရစရာ အချက်တချက်ကတော့ သာမန်ပြည်သူတွေ ဖြစ်ကြတဲ့ ငါးဖမ်းသမားတွေပါပဲ။ အာချေးက ငါးဖမ်းသမားတွေ၊ ရွာသားတွေဟာ သူတို့ကိုယ်တိုင်က ပဋိပက္ခရဲ့ သားကောင်တွေ ဖြစ်ခဲ့ဖူးတော့ တွေ့လို့ ကယ်ဆယ်ရုံတင်မကပဲ လိုက်ရှာပြီး ကယ်တဲ့အထိ လုပ်ကြပါတယ်။ ပင်လယ်ထဲမှာ ဒုက္ခဖြစ် နေကြတဲ့လူတွေ ရှိနေတယ်ဆိုတာ သူတို့သိကြလို့ပါ။”

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်နှိပ်ကွပ်မှုှုနဲ့ ဝိုင်းကျဉ်ခံရတာကြောင့် နိုင်ငံမဲ့ဖြစ်တဲ့ ရိုဟင်ဂျာ မူဆလင်အများစု အဲဒီဒေသကနေ ထွက်ပြေးနေကြတာဟာ တနေ့တခြား ပိုများလာနေပါတယ်။ ဒီအခြေနေတွေက သူတို့ိကို လူမှောင်ခိုသူတွေ လက်ထဲရောက်အောင် တွန်းပို့ လိုက်သလို ဖြစ်သွားပြီး စက်လှေတွေနဲ့ ပင်လယ်ခရီးကို အသက်စွန့်ရင်း မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရောက်လာကြပါတယ်။ ရိုဟင်ဂျာတွေပါတဲ့ ပထမဆုံးစက်လှေကို မေလ ၁၀ရက်နေ့က အာချေးဒေသမှာ ရှာတွေ့ခဲ့ပြီး နောက်တစင်းကိုတော့ မေလ ၁၅ ရက်နေ့မှာ တွေ့ခဲ့ပါတယ်။ နောက်ဆုံး စက်လှေတစီးကိုတော့ မေလ ၂၀ ရက်နေ့က အာချေးနားမှာ ရှာတွေ့ခဲ့ပါတယ်။

အာချေးဒေသက ဒုက္ခသည်စခန်းတွေကို အင်ဒိုနီးရှားအစိုးရ ကူညီပံ့ပိုးခဲ့ပြီး ဘင်္ဂါလားဒေ့ရှ် နိုင်ငံသားတွေနဲ့ ရိုဟင်ဂျာတွေအတွက် ဒေါ်လာ ၁ သိန်း ၈ သောင်းနီးပါး ထုတ်ပေးခဲ့ပါတယ်။ ရိုဟင်ဂျာ ကူညီစောင့်ရှောက်ရေး လုပ်နေတဲ့ Equal Harmony Together ဖောင်ဒေးရှင်းက ဝန်ထမ်းဖြစ်တဲ့ ထိုက်ထိုက် ဆိုသူကတော့ စခန်းထဲက ဒုက္ခသည်အများစုဟာ သူတို့အနာဂတ်အတွက် စိုးရိမ်နေကြသလို ရခိုင်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေအတွက်လည်း စိတ်ပူနေကြတယ်လို့ ပြောပါတယ်။
“အာချေးက ဒုက္ခသည် စခန်းတွေမှာ ရိုဟင်ဂျာတွေ တနှစ်အထိ နေထိုင်ခွင့်ရှိတယ်လို့ အင်ဒိုနီးရှားအစိုးရက ပြောပေမဲ့ အဲဒီနောက်ပိုင်း သူတို့ ဘယ်လိုဆက်လုပ်ရမလဲ ဆိုတာကို အားလုံးက သိချင်နေကြတာပါ။ မြန်မာပြည်ကို ပြန်ပို့မှာလား အာချေးမှာ ဆက်နေခွင့်ရှိမလား ဒါမှမဟုတ် အခြားတနေရာမှာ သူတို့အခြေချခွင့် ရမလားဆိုတာကို သိချင်နေတာပါ။”

အာချေး ဒုက္ခသည်စခန်းထဲက အမျိုးသမီးအချို့ဆိုရင် သူတို့ခင်ပွန်းတွေဟာ ၂၀၁၂/ ၂၀၁၃ကတည်းက မြန်မာပြည်ကနေ ထွက်သွားခဲ့ကြပြီး မလေးရှားမှာ ရှိနေကြတယ်လို့ ယုံကြည်ရကြောင်း ထိုက်ထိုက်ကပြောပါတယ်။ မူဆလင်ဥပုသ်လ ရာမဒမ်ကာလ ပြီးရင်တော့ သူတို့ခင်ပွန်းတွေ ဒီကို လိုက်လာကြမယ်လို့ ထင်ကြောင်းသူကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျန်နေသေးတဲ့ ရိုဟင်ဂျာဆိုသူတွေကတော့ အောက်တိုဘာလ ပင်လယ်ပြင် ငြိမ်သက်တဲ့အချိန်ထိ မစောင့်ဘဲ အခုလို မုတ်သုန်မိုးကာလမှာပဲ အန္တရာယ်များတဲ့ ပင်လယ်ခရီးကို ဖြတ်လာဖွယ်ရာရှိပါတယ်။ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ဘေးဒုက္ခတွေကို မြန်မာအစိုးရက ဆက်ပြီး လျစ်လျှူရှုနေဦးမယ် ဆိုရင်တော့ ရိုဟင်ဂျာတွေဟာ အန္တရယ်များတဲ့ ပင်လယ်ခရီးကို ထပ်ထွက်လာကြဦးမယ်လို့ လူ့အခွင့်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။

XS
SM
MD
LG