IS အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေက ဒေသတွင်း တိုက်ခိုက်မှုတွေ ထပ်လုပ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် သြစတြေးလျနဲ့ ထိုင်းနိုင်ငံတို့ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး တိုင်းမြှင့် ပူးပေါင်း ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။
ဒေသတွင်း လုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေအတွက် စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အချိန်မှာပဲ ထိုင်းနိုင်ငံကို သြစတြေးလျ တရားရေးဝန်ကြီး Michael Keenan ရောက်လာတဲ့အချိန် အခုလို ပူးပေါင်း ဆောင်ရွက်ကြဖို့ သဘောတူလိုက်ကြတာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာမှာ ဇန်နဝန်ရီလ ၁၄ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်သွားပြီးတဲ့နောက်မှာ အခုလို ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်ဖို့ ဖြစ်လာတာလို့ ထိုင်းအစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ ရောက်နေတဲ့ သြစတြေးလျဝန်ကြီး Keenan က ပြောပါတယ်။
ဒီပူးပေါင်းဆောင်ရွက်မှုဟာ IS အဖွဲ့ တည်ရှိနေသမျှနဲ့ သြစတြေးလျ အပါအဝင် ဒေသတွင်းနိုင်ငံတွေကို အကြမ်းဖက်သမားတွေ စေလွှတ်မယ့် အစီအစဉ်တွေ ရှိနေသမျှ တည်ရှိနေမယ်လို့ ဝန်ကြီး Keenan က ပြောပါတယ်။ သြစတြေးလျနိုင်ငံဟာ တိုင်းပြည်အတွင်း အကြမ်းဖက်မှု ကာကွယ်ရေး အစီအစဉ်တွေ တိုးမြှင့် လုပ်ဆောင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ အကုန်အကျခံပြီး ဖြစ်ပါတယ်။
ဒေသတွင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်တွေကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ၂၀၀၂ ခုနှစ်က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်သွားပြီးနောက်ပိုင်း စတင် အကောင်အထည်ဖော်ခဲ့ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် Prawit Wongsuwan ရဲ့ အကြံပေးပုဂ္ဂိုလ် Panitan Wattanayagorn က ပြောပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေ ရှိနေတဲ့အတွက် တချို့တိုင်းပြည်တွေဟာ အကြမ်းဖက် တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။