သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Asia Society နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ


စက်တင်ဘာလ ၂၁ ရက် ဗုဒ္ဓဟူးနေ့ အမေရိကန်ဒေသစံတော်ချိန် ၅ နာရီခွဲက နယူးယောက်မြို့ Asia Society မှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲကို အယ်ဒီတာ ဦးကျော်ဇံသာက တောက်လျှောက် စောင့်ကြည့်နေခဲ့တာဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာတွေနဲ့ ပတ်သက်ပြီး တင်ပြထားပါတယ်။

ပထမဆုံးကတော့ Asia Society အဖွဲ့ရဲ့ တာဝန်ရှိပုဂ္ဂိုလ်နှစ်ဦးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပရိသတ်ကို မိတ်ဆက်ပေးပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် စ ပြောတဲ့အခါမှာတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းခရီးအစမှာသာ ရှိနေတယ်။ လူတကာက သူ့ကို ချီးကျူးဂုဏ်ပြုနေတာတွေ သိပ်များနေတယ်။ ဂုဏ်ပြုချီးကျူးရမယ့်အချိန်မဟုတ်သေးဘူးလို့ အခုလို စပြောပါတယ်။

“ကျမ အမေရိကန်ပြည်ထောင်စုကို ရောက်လာကတည်းက လူတွေအများအပြား အကြိမ်ပေါင်းများစွာ ဂုဏ်ပြုချီးကျူးနေကြပါတယ်။ ကျမအမြဲပြန်ပြောတာက ဂုဏ်ပြုရမယ့်အချိန် မဟုတ်သေးပါဘူး။ ကျမတို့ဟာ ခရီးအစမှာပဲ ရှိပါသေးတယ်။ ဂုဏ်ပြုချီးကျူးခံနိုင်ဖို့အတွက် ခရီးအဝေးကြီးသွားရပါဦးမယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အခုမှ စတင်တာပါ။ ၂၀၁၁ ခုနှစ် အရပ်သားအစိုးရဖွဲ့စည်းနိုင်ခဲ့တာကို ဒီမိုကရေစီ စတင်ပြီလို့ လူအတော်များများက ထင်ကြပါတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့ထဲမှာ ၈၀% ဟာ စစ်တပ်အငြိမ်းစားတွေ ဖြစ်နေတယ်ဆိုတာ လူအတော်များများ မသိကြပါဘူး။ တကယ်တော့ စစ်အုပ်ချုပ်ရေးပဲ ဖြစ်နေဆဲလို့ ဆိုပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း နိုင်ငံရေးမှာ စစ်တပ်အတွက် အခွင့်အရေး အများကြီး ပေးထားပါတယ်။”

အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်တွေ ဖြစ်ပွားခဲ့တယ်။ ပြည်တွင်းစစ်မှာမှ တခါမှ မကြားဖူးတဲ့ ရောင်စုံ သောင်းကျန်းသူ ဆိုပြီးတော့ အလံဖြူ၊ အလံနီ စသဖြင့် ရှိခဲ့တဲ့ဟာကို ပြောပါတယ်။ ကျန်တချို့နိုင်ငံတွေမှာလည်းပဲ ငြိမ်းချမ်းရေး မရရှိသေးပါဘူး။ ဒီထက်ဆိုးတဲ့ အခြေအနေတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကတော့ အခုအခါမှာ ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်မယ့် အခြေအနေ လမ်းဆုံလမ်းခွကို ရောက်နေပြီလို့လည်း ဆိုပါတယ်။ ဒီအတွက် ငြိမ်းချမ်းရေးလမ်းစကို လမ်းခင်းပေးခဲ့တဲ့ ယခင်အစိုးရကိုလည်း ကျေးဇူးတင်ပါတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ကျမတို့နိုင်ငံဟာ အခုအခါမှာ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မယ့် လမ်းဆုံလမ်းခွကို ရောက်ရှိနေပါပြီ။ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျမတို့ အထူး အလေးအနက် ထားပါတယ်။ မကြာသေးခင်က ဒီဖြစ်စဉ်ကို စတင်ခဲ့တဲ့ အရင်အစိုးရကို အထူးပဲ ကျေးဇူးတင်ပါတယ်။ သူတို့ဟာ တိုင်းရင်းသားအင်အားစုမျိုးစုံနဲ့ အပစ်အခတ်ရပ်စဲရေးကို စတင် ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ မပြီးဆုံးသေးပါဘူး။”

ဒါဟာ မပြီးဆုံးသေးဘူး။ အဓိကအားဖြင့်ကတော့ အပစ်အခတ်ရပ်စဲရေးကို ကြိုးပမ်းနေပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေ အားလုံးဟာ အပစ်အခတ်ရပ်စဲရေးထဲမှာ မပါဝင်နိုင်သေးဘူး။ အထူးသဖြင့် နောက်ပေါက် ၃ ဖွဲ့ကလည်း ဘယ်လိုမှ သူတို့နဲ့ ပေါင်းစည်းလို့ မရနိုင်သေးဘူး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီလို အားလုံး မပါဝင်ရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရနိုင်ဘူးလို့လည်း သူက ဆိုပါတယ်။ တချို့က ပြောကြပါတယ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီ ၂၁ ရာစု ပင်လုံညီလာခံလို့ ဆိုတဲ့ ငြိမ်းချမ်းရေးညီလာခံကို ခေါ်ယူတာ အချိန်စောလွန်းတယ်လို့ ဆိုတာကို သူက လက်မခံဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံပြည်သူတွေ ဒုက္ခခံလာကြရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ တကယ်တော့ ဒီငြိမ်းချမ်းရေးညီလာခံကို လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေ များစွာကတည်းက ခေါ်ခဲ့သင့်တယ်လို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးစက သိပ်ကို အလားအလာကောင်းတဲ့ တိုင်းပြည်လို့ ဆိုခဲ့ရာက တိုင်းပြည်ဖရိုဖရဲ ဖြစ်သွားခဲ့ရတာဟာ စီးပွားရေးကြောင့် မဟုတ်ပါဘူးတဲ့။ နိုင်ငံရေးကြောင့် ဖြစ်ပါတယ်တဲ့။ လူတွေက စီးပွားရေးချမ်းသာရင် စီးပွားရေးကောင်းရင် အကုန်လုံး တိုင်းပြည်ကောင်းမယ်လို့ ထင်ကြတယ်ဆိုရင် အမေရိကန်ပြည်ထောင်စုမှာ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးလို့ ပြောတော့ ပရိတ်သတ်တွေက ရယ်ကြပါတယ်။ နောက်တခါ ဒေါ်အောင်ဆန်းစုကြည်ကို ပရိတ်သတ်က မိန့်ခွန်းပြောဖို့ဖိတ်တယ်တဲ့။ ဖိတ်ပြီးတော့လည်း သူတို့ပြောချင်တာကို ပြောခိုင်းတယ်ပြောတော့လည်း ရယ်ကြပါတယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆက်ပြီး ပြောတဲ့အခါမှာတော့ NLD ဟာ ရွေးကောက်ပွဲမှာ အပြတ်အသတ် နိုင်ခဲ့တယ်ဆိုတာကို ရှင်းပြပါတယ်။ သို့သော်လည်းပဲ စစ်တပ်ရဲ့အာဏာဟာ သိပ်ပြင်းထန်နေတယ်။ စစ်တပ်ဟာ ဖွဲ့စည်းပုံ ပြုပြင်ဖို့လုပ်လိုက်တိုင်း ဘီတိုအာဏာသုံးပြီး ပယ်ချနိုင်တဲ့အတွက်ကြောင့် ပြင်းထန်တဲ့ အဟန့်အတားဖြစ်တယ်ဆိုပြီးတော့ စစ်တပ်အကြောင်းကိုလည်း ပြောသွားပါတယ်။ အဲဒီမှာ အမေရိကန်ပြည်ထောင်စုရဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး David Petraeus လည်း ပရိတ်သတ်ထဲမှာ ရှိမှာပဲတဲ့။ အဲဒီတော့ ဗိုလ်ချုပ်ကြီး David Petraeus ကလည်း ပြောမှာပဲတဲ့။ ဒါ စစ်သားမို့လို့ အမိန့်ကိုလိုက်နာရတယ်လို့ ပြောတော့လည်းပဲ ပရိတ်သတ်တွေက ရယ်ကြပါတယ်ခင်ဗျ။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်က ဒါ မိန့်ခွန်းပြောတဲ့အပိုင်းမှာ ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။

ဦးစံမိုးေ၀ - ဟုတ်ကဲ့ ကျေးဇူးပါ။ အဲဒီလို မိန့်ခွန်းပြောပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်က Asia Society ဥက္ကဌနဲ့လည်း အမေးအဖြေ ပြုလုပ်ခဲ့တယ်မဟုတ်လား အဲဒီအကြောင်းလည်း ဆက်ပြောပါဦးခင်ဗျ။

ဦးကျော်ဇံသာ - ဟုတ်ကဲ့ အဲဒီမှာ Asia Society လက်ရှိဥက္ကဌ Kevin Rudd - ဒီပုဂ္ဂိုလ်က သြစတြေးလျနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းပါ။ သူဟာ တရုတ်ရေးရာကျွမ်းကျင်သူလို့ ဝန်ကြီးချုပ်ဘဝမှာ ကျနော်တို့ သတင်းသမားတွေအနေနဲ့ လေ့လာခဲ့ရပါတယ်။ တရုတ်စကားလည်း သိပ်ပြီးတော့ ပြေပြစ်အောင် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တယ်။ ဆိုတော့ သူက တရုတ်အကြောင်းကို တော်တော်မေးတယ်ဗျ။ ဒါပေမဲ့ သူ့ရဲ့အားနည်းချက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်အသံထွက်တွေ အကုန်လုံးမှားကြတယ်။ တရုတ်နဲ့ပတ်သက်ပြီး သူ စ မေးတာ မြစ်ဆုံကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည် တက်လာပြီးတော့ မြစ်ဆုံကိစ္စ ပြန်လည် ပြေလည်အောင်လုပ်တယ်၊ ဘာညာကြားတယ်၊ မြစ်ဆုံကိုတောင် အသံမှန်အောင် မထွက်နိုင်ဘူး။ မီဆုံး တို့ ဘာတို့လုပ်တော့ ဒေါ်အောင်ဆန်းစုကြည်က your pronunciation is very bad ဆိုပြီးပြောတော့ ပရိတ်သတ်ကလည်း ရယ်ကြပါတယ်။ ဆိုတော့ မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ထုံးစံအတိုင်း ဒီကိစ္စကို စုံစမ်းဖု့ိအတွက် ကော်မရှင်ဖွဲ့စည်းပေးထားတယ်။ ကော်မရှင်ရဲ့ရလဒ်ကို အခြေခံပြီးတော့ ဆုံးဖြတ်မယ်ဆိုပြီးတော့ ပြောသွားပါတယ်။ နောက်တခါ တရုတ်နဲ့ပတ်သက်ပြီး ဘာမေးသလဲဆိုတော့ တရုတ်နိုင်ငံမှာ Jack Ma ဆိုတဲ့ သန်းကြွယ်သူဌေးကြီး အဲဒီပုဂ္ဂိုလ်က ကျေးလက်ဖွံ့ဖြိုးရေး စီးပွားရေးစီမံကိန်းတွေ လုပ်နေတယ်တဲ့။ အဲလိုစီမံကိန်းမျိုး မြန်မာပြည်မှာ လုပ်နိုင်သလား၊ လုပ်ရင်ဖြစ်နိုင်သလားဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီကိစ္စကို ဒီလိုပဲ ဖြေပါတယ်။

တရုတ်ပြည်ကလုပ်တဲ့ပုံစံနဲ့ ဗမာပြည်ကလုပ်တဲ့ပုံစံ မျဉ်းပြိုင်သာဖြစ်ပါတယ်တဲ့။ အတိအကျ မတူပါဘူးတဲ့။ မြန်မာပြည်နဲ့ တရုတ်ပြည်နဲ့ အခြေအနေတွေ ကွဲလွဲပါတယ်တဲ့။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက်ကို မြန်မာပုံစံနဲ့ လုပ်ရမှာဖြစ်တယ်။ အထူးသဖြင့် ကွဲလွဲတာက မြန်မာပြည်ရဲ့သွားနေတဲ့ လမ်းကြောင်းကတော့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုလမ်းကြောင်းဖြစ်တယ်ဆိုပြီးတော့ သူ ပြောသွားပါတယ်။

နောက်တခါ အိမ်နီးချင်းဖြစ်တဲ့ အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေးအခြေအနေရော ဘယ်လိုလဲလို့ မေးတဲ့အခါမှာတော့ - သူက တလောတုန်းက ထိုင်းနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ နှိုင်းယှဉ်ပြီးတော့ အခုလို ပြောသွားပါတယ်။

“သူဟာ မကြာသေးခင်က ထိုင်းနိုင်ငံကို သွားခဲ့တယ်။ ဆက်ဆံရေး အင်မတန် ကောင်းမွန်တယ်။ မြန်မာနိုင်ငံက နယ်စပ်ဖြတ်ကျော်လာတဲ့ အလုပ်သမားတွေအရေးကိုလည်း သူ ဆွေးနွေးနိုင်ခဲ့တယ်။ နှစ်နိုင်ငံ နယ်စပ်အခြေအနေတွေကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အာဆီယံ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးဟာလည်း အင်မတန်ကောင်းမွန်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။”

အဲဒီတော့ ဥက္ကဌဖြစ်တဲ့ Kevin Rudd က ဘာပြောသလဲဆိုတော့ - လွန်ခဲ့တဲ့ နှစ် ၃၀ လောက်တုန်းကဆိုရင်တဲ့ အာဆီယံဟာ တနိုင်ငံနဲ့ တနိုင်ငံ လည်ပင်းချင်း ညစ်နေခဲ့ကြတာ မဟုတ်လားတဲ့။ ရန်သူတွေဖြစ်နေခဲ့ကြတယ်လို့ ပြောပါတယ်။ အဲဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်တုံ့ပြန်ခဲ့ပါတယ်။

“ကျမတို့နိုင်ငံတွေက တနိုင်ငံနဲ့တနိုင်ငံ လည်ပင်းမညစ်ကြပါဘူး။ ကျမလည်း မသိရပါလားတဲ့။ ဘယ်တုန်းက လုပ်ခဲ့လို့လဲ။ အဲ့လိုမလုပ်ခဲ့ကြပါဘူးလို့ ပြန်ပြောပါတယ်။”

ဆိုတော့ Asia Society ဥက္ကဌ လုပ်တဲ့သူကတော့ - တချို့က ကွန်မြူနစ်ဖြစ်တယ်၊ တချို့က အမေရိကန်ဘက်ပါတယ် စသဖြင့် ရှင်းပြသွားပါတယ်။ ဆိုတော့ အပြန်အလှန်မေးခွန်းထုတ်တဲ့ ဆွေးနွေးမှုတွေကတော့ သိပ်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်သွားတယ်လို့ ပြောရပါလိမ့်မယ်။ သိပ်အလေးအနက်ထားတဲ့ ပွဲတခုနဲ့တော့ မတူဘူးပေါ့။ မနက်က ပြောသွားတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ သူကိုယ်တိုင်ပြောသွားတဲ့ မိန့်ခွန်းတွေက ပိုပြီးတော့ လေးနက်တယ်လို့ ဆိုရမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG