အာရှဒေသတွင်း တခြားနိုင်ငံတွေနဲ့ တရုတ်နိုင်ငံက အဓိက အစုရှယ်ယာ ဈေးကွက်တွေမှာ ဒုတိယမြောက်နေ့အဖြစ် ဒီကနေ့ ဆက်ပြီး အစုရှယ်ယာဈေးတွေ မတည်မငြိမ် ရှိခဲ့ပါတယ်။ အာရှဒေသ စီးပွားရေးအပေါ် စိုးရိမ်ချက်တွေဟာ တကမ္ဘာလုံးမှာ ရိုက်ခတ်နေပြီလို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF အကြီးအကဲက သတိပေးလိုက်တာနဲ့အမျှ အစုရှယ်ယာဈေးကွက် မတည်မငြိမ် ဆက်ဖြစ်နေတာပါ။
ရှန်ဟိုင်းစတော့ဈေးဟာ ဈေးကွက်အဖွင့်မှာ ၄.၅% နီးပါး ကျသွားပြီးတဲ့နောက်မှာမှ ဒဿမ ၂% အကျနဲ့ပဲ ဈေးကွက်ပိတ်သွားပါတယ်။ တိုကျိုက Nikkei အစုရှယ်ယာ အညွှန်းကိန်းဟာလည်း မနက်ပိုင်း အရောင်းအဝယ် လုပ်ချိန်အတွင်း အတော်လေး ဈေးကျခဲ့ပေမဲ့ ဈေးကွက်ပိတ်ချိန်မှာတော့ ဒဿမ ၄% ပဲ အကျရှိခဲ့ပါတယ်။ ဆိုးလ်နဲ့ ဆစ်ဒနီက ဈေးကွက်တွေမှာတော့ ယေဘုယျအားဖြင့် အတက်အကျ မရှိခဲ့ပါဘူး။
အမေရိကန်ပြည်ထောင်စု Wall Street အစုရှယ်ယာဈေးကွက်မှာ အင်္ဂါနေ့က အစုရှယ်ယာဈေးတွေ ထိုးကျသွားပြီးတဲ့နောက် ဒီကနေ့အစောပိုင်း အာရှအစုရှယ်ယာ ဈေးကွက်မှာ မတည်မငြိမ် ဖြစ်ခဲ့တာပါ။ ကမ္ဘာ့စီးပွားရေး နှေးကွေးလာနေပြီဆိုတဲ့ စိုးရိမ်ချက်တွေ ပိုများလာတာကြောင့် နယူးယောက်က အဓိက အစုရှယ်ယာ အညွှန်းကိန်းတွေ အင်္ဂါနေ့က ၃% လောက်ထိ ကျသွားခဲ့ပါ တယ်။
စိုးရိမ်မှုတွေဟာ ဒေသတခုကနေ နောက်တခုကို ဘယ်လောက်တောင်မှ မြန်မြန် ကူးစက်သွား နိုင်တယ်ဆိုတာ မကြာသေးခင်က အစုရှယ်ယာဈေးတွေ ကမောက်ကမဖြစ်တာက ပြနေတယ်လို့ အင်ဒိုနီးရှားမှာရောက်နေတဲ့ IMF အကြီးအကဲ Christine Largarde က ပြောပါတယ်။