တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံခေါင်းဆောင်တွေကြား မကျင်းပဖြစ်တာ သုံးနှစ်နီးပါးရှိနေတဲ့ ထိပ်သီးဆွေးနွေးပွဲကို အဆင်ပြေတာနဲ့ အမြန်ဆုံး ပြန်လည်ကျင်းပသွားမယ်လို့ သုံးနိုင်ငံက ပြောကြားခဲ့ကြပါတယ်။
အာရှဒေသထဲမှာအင်အားကြီး တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ တောင်ကိုရီးယားနိုင်ငံ Soul မြို့တော်မှာ ဒီကနေ့ တွေ့ဆုံကြပြီး ခုလို ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အခုလို သုံးနိုင်ငံ ထိပ်တန်းသံတမန်တွေ တရားဝင် တွေ့ဆုံဆွေးနွေးမှုဟာ ၂ဝ၁၂ ခုနှစ် ဧပြီလထဲက ပထမဆုံးဖြစ်ပြီး သုံးနိုင်ငံကြားမှာ သမိုင်းအစဉ်အဆက်ရှိခဲ့တဲ့ ပြဿနာတွေကြောင့်ဖြစ်နေတဲ့ တင်းမာမှုတွေ လျော့နည်းသွားရေးကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ခုလို သုံးနိုင်ငံ မဆွေးနွေးခင် နှစ်နိုင်ငံစီ တွေ့ဆုံဆွေးနွေးမှုတွေတော့ ရှိခဲ့ပါတယ်။ ဒီ သုံးနိုင်ငံကြားမှာ စီးပွားရေးအရ ခိုင်မာတဲ့ဆက်ဆံရေးတွေရှိနေပေမယ့် တရုတ်နဲ့ ရေပိုင်နက်အငြင်းပွားနေတဲ့ကိစ္စ၊ ဒုတိယကမ္ဘာစစ်တွင်းက ကိုရီးယားနဲ့ တရုတ်တို့ကို ဂျပန်က နယ်ချဲ့ခဲ့စဉ်ထဲက ရှိနေတဲ့ အမုန်းပွားမှုတွေကြောင့် ဆက်ဆံရေးဟာ မနွေးထွေးခဲ့ကြပါဘူး။
ခုလို သုံးနိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးမှုတွေမလုပ်ခင်က တောင်ကိုရီးယားသမ္မတ Park Geun-hye နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida၊ တခါ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Yun Byung-se တို့တွေ့ဆုံခဲ့ကြပြီး သုံးနိုင်ငံလုံးနဲ့ဆိုင်နေတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာပါ၊ ဒီကနေ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုကနေ ထင်သာမြင်သာ တိုးတက်မှုတွေရှိလာမယ်လို့ မျှော်လင့်လို့မရပေမဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် နှစ်ပတ်လည်ဆွေးနွေးမှုတွေကို ပြန်လည် စတင်နိုင်ဖို့ ခြေလှမ်းတခုဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်ရှင်။