သုံးရလွယ်ကူစေသည့် Link များ

အာရှ အအေးလှိုင်းကြောင့် လူအများအပြား သေဆုံး


တရုတ်နိုင်ငံ၊ တောင်ပိုင်း Shandong မှာ မြစ်ရေများခဲနေ။ (ဇန်န၀ါရီ ၂၅၊၂၀၁၆)

အာရှဒေသတွင်းနိုင်ငံတချို့မှာ နှင်းတွေ၊ ရေခဲမိုးတွေနဲ့ ရေခဲတမျှ အေးလှတဲ့ လေတွေတိုက်ခတ်နေတာကြောင့် အအေးလွန်ကဲလာပြီး ထိုင်ဝမ်မြို့တော် ထိုင်ပေနဲ့ ဘေးပတ်ဝန်းကျင် ဒေသတွေမှာ လူ ၆၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။

အပူချိန်ဟာ ၄ ဒီဂရီ ဆဲလ်ဆီးယက်စ် အထိကျဆင်းသွားတာကြောင့် သေဆုံးသူတွေထဲမှာ အသက်အရွယ်ကြီးသူ အများအပြား ပါဝင်ပြီး နှလုံးရောဂါ၊ ကိုယ်အပူချိန် အလွန်အမင်းကျဆင်းတာတွေ အပါအ၀င် တခြား အကြောင်းအရာတွေကြောင့် သေဆုံးကုန်တာပါ။ ထိုင်ဝမ်စောင့်ကြည့်ရေး သတင်းဝက်ဆိုက်မှာတော့ ထိုင်ဝမ်ကျွန်းတခုလုံးမှာ သေဆုံးသူ အရေအတွက် ၈၅ ယောက်လောက်အထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံမှာတော့ တနင်္ဂနွေနေ့က လူ ၅ ဦးသေဆုံးပြီး ၁၀၀ လောက်ဒဏ်ရာရခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်ကစလို့ အကြီးအကျယ် နှင်းကျမယ်ဆိုပြီးတော့လည်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။ အခုလိုရာသီဥတု ဆိုးရွား နေတာကြောင့် ရထားတွေ၊ လေယာဉ်ခရီးစဉ်တွေလည်း ရပ်နားထားရပါတယ်။ ဟောင်ကောင်မှာ ရေခဲမိုးရွာသွန်းတာကြောင့် လမ်းတွေအပေါ် ရေခဲတွေဖုံးလွှမ်းသွားပြီးနောက် လူတွေရာနဲ့ချီကို ကယ်တင်ခဲ့ရပါတယ်။ ဒါ့အပြင် မူလတန်းကျောင်းတွေနဲ့ မူကြိုကျောင်းတွေ ဒီကနေ့ပိတ်ထားပြီး ဒါဟာ နှစ်ပေါင်း ၆၀ အတွင်း အအေးဆုံးဖြစ်ပါတယ်။

တရုတ်နိုင်ငံ ရာသီဥတု တိုင်းတာရေးဌာနတွေရဲ့ အဆိုအရ သောကြာနေ့ကစလို့ တနင်္ဂနွေနေ့ထိ အပူချိန်ကျဆင်းမှုဟာ သမိုင်းမှာ အဆိုးရွားဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ တောင်ပိုင်းမြို့ Guangzhou မှာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် အဖြစ် ရေခဲမိုးရွာသွန်းတယ်လို့ ဒေသ ရာသီဥတုတိုင်းတာရေးဌာနက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။

တောင်ကိုရီးယား နိုင်ငံမှာလည်း နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး နှင်းကျတာကြောင့် လေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းထားရပြီး လူပေါင်း ၉၀,၀၀၀ လောက် သောင်တင်နေခဲ့ပါတယ်။ ဒီကနေ့မှာတော့ အပန်ဖြေကျွန်း Jeju ကနေ ၃ ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် လေယာဉ် ပြန်လည်ပြေးဆွဲခဲ့ပါတယ်။ အဲဒီကျွန်းမှာ အပူချိန် အနှုတ် ၆. ၁ ဒီဂရီဆဲလ်ဆီးယက်စ် ကျဆင်းသွားခဲ့တာပါ။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာဆိုရင်လည်း တနင်္ဂနွေနေ့နှောင်းပိုင်းက ၁၆ ဒီဂရီ ဆဲလ်ဆီးယက်စ် အထိ ကျဆင်းသွားခဲ့ပါတယ်။ အစဉ်အလာမဟုတ်ဘဲ အခုလို အပူချိန်ကျဆင်းတာကြောင့် ဗီယက်နမ်နိုင်ငံမှာလည်း လယ်သမားတွေဟာ စိုက်ခင်းတွေနဲ့ တိရစ္ဆာန်တွေ သေဆုံးမှုမရှိအောင် ကြိုးစားနေကြပါတယ်။ နှစ်ပေါင်း ၄၀ အတွင်း အအေးဆုံးဆောင်းရာသီကို ကြုံတွေ့ရတာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ဒေသတွေမှာတော့ ၄ ဒီဂရီဆဲလ်ဆီးယက်စ်အထိ ကျဆင်းသွားပါတယ်။

XS
SM
MD
LG